The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၇ ) ရက်

             လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် တောင်ငူ မြို့နယ် စပါးကြွယ်ကျေးရွာအနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီအေ စပါးကြွယ်ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းနှင့် မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်းကြိုးဆွဲခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါ သည်။

             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဇေယျဝတီမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများသို့ရောက်ရှိပြီး တိုင်းဒေသကြီးအတွင်းရှိ တိုင်း ဒေသကြီး/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများ၊ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည် အဓိကကျသဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် လိုအပ်သည့်လျှပ်စစ် ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဟောပြောပွဲများပြုလုပ်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သတိပေးကြေညာဆိုင်းဘုတ်များ တပ်ဆင်ခြင်း တို့ကိုလည်း အထူးအလေးထားဆောင်ရွက်သွားရန်၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းရေး၊ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အား များ ဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားခကျသင့်ငွေများ အပြည့်အဝကောက်ခံရရှိစေရေး ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများမှ ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း လုပ်ငန်းများကိုလည်း လုံခြုံရေး ပြည့်ပြည့်ဝဝဖြင့် တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ၄င်းအပြင် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့် အလျှောက် ပြည်သူ လူထု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

             ထို့နောက် ဒေသခံရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လိုအပ်လျက် ရှိသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအား တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများရှိ မီးသုံးစွဲသူပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

             ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ စပါးကြွယ် ကျေးရွာအနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီအေ စပါးကြွယ်ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းနှင့် မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုနှင့် တာဝန်ရှိသူ များက  ၅၀၀ ကေဗွီအေ စပါးကြွယ်ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရရှိသည့်ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက် သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီရေးနှင့် လုံခြုံရေးတို့ကို အထူး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

             ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  စီမံကိန်းလုပ်ငန်းခွင်အတွင်း ၅၀၀ ကေဗွီအေ စပါးကြွယ်ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေနှင့် ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမို ဖြန့်ဖြူးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင် ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ယခုဆောင်ရွက်လျက်ရှိသော ၅၀၀ ကေဗွီအေ ဓာတ်အားလိုင်းစီမံကိန်းသည် ယခုအချိန်တွင် ဓာတ်အားအများဆုံးထွက်ရှိရာ မြန်မာပြည် မြောက်ပိုင်းမှ ဓာတ်အားအများဆုံးအသုံးပြုရာ မြန်မာပြည်တောင်ပိုင်းသို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် ဓာတ်အားပို့လွှတ်ရာတွင် ဝန်အားပြည့်နေခြင်းနှင့် ဓာတ်အားလိုင်း တစ်လိုင်း အပြစ်ဖြစ်ပွားလျှင် အရံဓာတ်အားလိုင်းမရှိ၍ System Breakdown ဖြစ်ပွားခြင်း စသည့် အားနည်းချက်များ ဖြစ်ပေါ်နေသည့်အတွက် ပင်မကျောရိုး ဓာတ်အားလိုင်း(Back Bone) အနေဖြင့် အသုံးပြုရန် စီမံဆောင်ရွက်နေခြင်းဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
17-Sep-2022