The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂  ရက် 

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ် ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ ဖူဆယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ဌာနအကြီးအကဲများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ နှင့် အားကစားသမားများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြပါသည်။ 
    ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အမှာစကားပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲများကို ကျင်းပရခြင်းသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာရေးအတွက် ကျင်းပရခြင်းဖြစ်ပြီး မကြာခင်တွင်ကျင်းပပြုလုပ်မည့် နိုင်ငံတော် ဝန်ကြီးချုပ်ဖလား ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုအသင်းအနေဖြင့် အရည်အသွေးရှိရှိ၊ အဆင့်အတန်းမီမီ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် အားကစားသမားများ ရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဖလား ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲကို အသင်း(၇)သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ပွဲစဉ်တစ်လျှောက် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အသင်းများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့် ဖြင့် ယှဉ်ပြိုင်ကြသဖြင့် ဝန်ထမ်းမိသားစုများ စည်းလုံးညီညွတ်စွာ ချစ်ကြည်ရင်းနှီးမှုရရှိပြီး မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်မှုရရှိလာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် လာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးစသည့် အကျိုးကျေးဇူး များရရှိမည်ဖြစ်ပြီး ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများတွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၏ ဂုဏ်ဆောင်နိုင်ရေး အလေးအနက်ထားပြီး ကြိုးပမ်းကြစေလိုကြောင်း၊ ဌာန အသီးသီးက ပြိုင်ပွဲဝင်အားကစားသမားများသည် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သည့်အသင်း အောင်နိုင်ရေးအတွက် မိမိတို့၏အစွမ်းအစအရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ် ပြသတာကို တွေ့ရှိရပါကြောင်း၊ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အနိုင်မခံအရှုံး မပေးဘဲ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သွားသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း နှင့် ယခုပြိုင်ပွဲမှတဆင့် ဝန်ကြီးဌာနလက်ရွေးစင်အသင်း ထိုမှတဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင်လည်း ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

Post under by : ဝန်ကြီးရုံး
22-Sep-2022