The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အဖွဲ့သည် ယခု အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစနစ်များအား စစ်ဆေး

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ( ၁  ) ရက်

            မြို့ပြဒေသရှိ နေအိမ်များ၊ ဟိုတယ်များ၊ စျေးဝယ်စင်တာများ၊ ကားပါကင်များ၊ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ စသည်တို့၏ ခေါင်မိုးများပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံး Rooftop Solar Photovoltaic (PV) System များအား တပ်ဆင်အသုံးပြုခြင်းဖြင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေခြင်း၊ Solar System အတွက် မြေနေရာပေးရန် မလိုအပ်ဘဲ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်ခြင်း၊ ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ဓာတ်အားကွန်ရက်စနစ်အပေါ် မှီခိုသုံးစွဲနေရမှု လျော့ကျ စေသဖြင့် ရုပ်ကြွင်းလောင်စာမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို လျှော့ချနိုင်ပြီး ကာဗွန် ထုတ်လုပ်မှုလျော့ကျစေခြင်း၊ တည်ဆောက်ချိန်နှင့် ကုန်ကျစရိတ် နည်းပါးခြင်း၊ တပ်ဆင်မှု နှင့် ပြုပြင်ထိန်းသိမ်းမှု လွယ်ကူခြင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့် အလမ်းများ ပိုမိုဖန်တီးနိုင်၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်း၊ နိုင်ငံတော်နှင့် ပြည်သူများ အတွက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေခြင်း အကျိုးကျေးဇူးများကို ရရှိ စေနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

            ယခုလ ၁ ရက်နေ့ နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစနစ်များအား စစ်ဆေးစဉ် ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိများ၊ ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများအား ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

            ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Park Royal ဟိုတယ်တွင် တပ်ဆင်အသုံးပြု လျက်ရှိသည့် ၃၈၀ ဝပ်အား Monocrystalline Silicon ဆိုလာမော်ကျူး ၄၉၀ ခု၊ ၁၀၀ ကီလိုဝပ် အင်ဗာတာ ၃ ခုတို့ဖြင့် တပ်ဆင်စွမ်းအား ၃၅၇ ကီလိုဝပ်ရှိသည့် Ground-mounted Solar PV System အား ကြည့်ရှုစစ်ဆေးကြရာ ဒုတိယဝန်ကြီးက Solar PV Array များ၏ Mismatch Losses များ လျှော့ချနိုင်ရန်အတွက် ဆိုလာမော်ကျူးများအား တန်းဆက်၊ ပြိုင်ဆက် ချိတ်ဆက်မှုများအား စနစ်တကျ ဆန်းစစ်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ၎င်း Losses အား (၂) ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ဆောင်ရွက်နိုင်ကြောင်း၊ ဆိုလာမော်ကျူး များနှင့် ဆက်စပ်ပစ္စည်းများအား ပုံမှန်ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်မှသာ ဆိုလာမော်ကျူး များ၏ ဓာတ်အားထုတ်လုပ်စွမ်းရည်များ မြင့်မားမည်ဖြစ်ကြောင်း၊ String Inverter အသုံးပြု ခြင်းသည် Mismatch Losses ကို လျှော့ချနိုင်ကြောင်း၊ ဆိုလာမော်ကျူးများ အားလုံးအတွက် နည်းလမ်းမှန်ကန်စွာ Earthing ပြုလုပ်ထားလျှင် Voltage မတည်ငြိမ်မှုကို လျှော့ချပေးနိုင် ကြောင်း၊ Ground-mounted စနစ်များတွင် တည်ဆောက်ပုံကို ပြုပြင်၍ ၎င်းစနစ်များ အောက်တွင် ကားပါကင်နှင့် အခြားအသုံးချမှုများ ဆောင်ရွက်နိုင်ကြောင်း၊ Solar PV  System  မှ  ထွက်ရှိသည့် ဓာတ်အားများကို စောင့်ကြည့်၍ ထိန်းချုပ်နိုင်ရန် လိုအပ်ကြောင်း၊ Control System ကောင်းမွန်ရန်လိုအပ်ကြောင်း မှာကြားပါသည်။

            ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အဖွဲ့သည် နေပြည်တော် Junction Center ရှိ ၃၈၀ ဝပ်အား Monocrystalline Silicon ဆိုလာမော်ကျူး ၁၆၀၀ ခုနှင့် ၁၀၀ ကီလိုဝပ် အင်ဗာတာ ၅ ခုတို့ဖြင့် တပ်ဆင်စွမ်းအား ၆၈၀ ကီလိုဝပ်ရှိသည့် Rooftop Solar PV System အား စစ်ဆေးကြည့်ရှုရာ တာဝန်ခံအင်ဂျင်နီယာက ရှင်းလင်းတင်ပြပြီး နေပြည်တော် အင်ဂျင်နီယာချုပ် ဦးမိုးသက်က ဖြည့်စွက်ရှင်းလင်းတင်ပြသည့်အပေါ် ဒုတိယ ဝန်ကြီးက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်ပေးသော စီမံကိန်းများအား အကောင်အထည်ဖော် တည်ဆောက်၍ နိုင်ငံတော်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် မင်းဘူး(၄၀ မဂ္ဂါဝပ်) နှင့် သပြေဝ (၃၀ မဂ္ဂါဝပ်) ဓာတ်အားပေးစက်ရုံများမှ နိုင်ငံတော် ဓာတ်အားကွန်ရက်စနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ် လျက်ရှိကြောင်း၊ ယခင်က ကျေးလက်ဒေသတွင်သာ ဆိုလာ စနစ်များ တပ်ဆင်အသုံးပြုခဲ့ကြရာမှ ယခုအခါ မြို့ပြဒေသမှာပါ ၎င်းစနစ်များ တပ်ဆင် အသုံးပြုလာပြီဖြစ်ကြောင်း၊ ယင်းသို့ အသုံးပြုသည့်အတွက် အကျိုးကျေးဇူးများစွာ ရရှိကြောင်း၊ ဆိုလာစနစ်များအတွက် Performance Monitoring နှင့် Cleaning များသည်လည်း အရေးကြီးပါကြောင်း၊ Power Quality ကောင်းမွန်ရန် လိုအပ်ကြောင်း၊ တည်ဆဲ လျှပ်စစ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာဆိုင်ရာ အရည်အသွေး သတ်မှတ် ချက်များအား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များအား မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
03-Oct-2022