၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ( ၂ ) ရက်
နိုင်ငံတော်နှင့် ပြည်သူများအား ရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်မှုကို ပေးစွမ်းနိုင်ရေး ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Generation Mix အတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် Reliable Backbone ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ၎င်းစက်ရုံများ၏ ဓာတ်အားထုတ်လုပ်စွမ်းရည်မြင့်မားရေးကို အစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အတူ ဌာနရှိ ဝန်ထမ်းများ၏ စွမ်းရည်များအား အစဉ်မြှင့်တင်သွားရန် လိုအပ်ကြောင်း ယခုလ (၂) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးစဉ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်နှင့် ချိတ်ဆက်မှု အခြေအနေ၊ စက်ရုံဆိုင်ရာ အချက်အလက်များ၊ အမှတ် (၁) ဓာတ်အားပေးစက်၏ Stator Winding များ အစားထိုးလဲလှယ်ပြုပြင်မှုနှင့် Rotor အား Maintenance ပြုလုပ်မှု၊ ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်မှု အခြေအနေများအား စက်ရုံမှူး ဦးကျော်သက်ခိုင်က ရှင်းလင်း တင်ပြပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးညီညီထွန်းနှင့် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထောင်းဇိုခိုင် တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပပညာရှင်များ၏ အကူအညီမလိုဘဲ ဆောင်ရွက် နိုင်သဖြင့် လှိုက်လှဲစွာ အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ အခြားစက်ရုံများမှ ဝန်ထမ်းများ နှင့်အတူ ဆောင်ရွက်သဖြင့် နည်းပညာဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်ခြင်းသည် အထူးကောင်းမွန်ပါကြောင်း၊ ပြည်သူများအတွက် တည်ငြိမ်၍ အရည်အသွေးပြည့်ဝသော ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး အစဉ်မပြတ် ပြုပြင် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ကြီးကြပ်သူများက လက်အောက် ဝန်ထမ်းများအား လက်ဆင့်ကမ်း၍ လေ့ကျင့်ပျိုးထောင်ပေးရေးကို အလေးပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများအား အမှတ်တရ သစ်သီးခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။
အဆိုပါ စက်ရုံရှိ အမှတ် (၁) စက်အား ပြုပြင်ပြီးပါက တမံကန်ရေ Rated Head အထက်တွင် တပ်ဆင်စွမ်းအားပြည့် ၂၀ မဂ္ဂါဝပ်သို့ တိုးမြှင့်ထုတ်လုပ်မောင်းနှင်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် ပျမ်းမျှ ၆.၂ ကီလိုဝပ်နာရီသန်းခန့် ပိုမိုထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။