The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

တရုတ်နှင့် မြန်မာ လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်း အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူနိုင်

ကျောက်ဖြူ ၊  အောက်တိုဘာလ ( ၁၀ )ရက်     

          ယခုလ(၁၀)ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီ၌ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စက်စတင်စမ်းသပ်လည်ပတ်ခြင်း ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ၊ ဌာနဆိုင်ရာအရာရှိများ၊ PowerChina Resources Co.,Ltd နှင့် Kyauk Phyu Electric Power Co.,Ltd. တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

          ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ သီတင်းကျွတ် ပွဲတော်ကာလအတွင်း ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအား စတင် စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ စီမံကိန်းအပေါ် ပံ့ပိုးကူညီမှုအတွက် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးအား ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကြား စီးပွားရေး နှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာလိုက်ဖက်ညီပြီး Belt and Road Initiative နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးတို့ကို ရှေ့သို့တွန်းအားပေးခဲ့ ကြပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အတွက် အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ ထုတ်လုပ်မှု စွမ်းရည်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန် ကတိပြုထားကြောင်း၊ယနေ့ နှစ်နိုင်ငံကြား လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်သော စီမံကိန်းတစ်ခုအနေဖြင့် ကျောက်ဖြူဓာတ်အားပေးစက်ရုံကို စတင်စမ်းသပ်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း၊ ဤစက်ရုံမှ ရခိုင်ပြည်နယ်ရှိ ပြည်သူလူထု၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ကျောက်ဖြူသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အရေးပါသောနေရာဖြစ်၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ ခေတ်သစ်တွင် တရုတ်နိုင်ငံနှင့် မြန်မာကြား အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံရှိကဏ္ဍအားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန်နှင့် မျှဝေခံစား နိုင်၍ တောက်ပသော အနာဂတ်အသိုက်အဝန်းကို ပူးပေါင်းတည်ဆောက်သွားရန် ဆန္ဒ ရှိကြောင်း  ပြောကြားခဲ့ပါသည်။

          ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အမှာစကားပြောကြားရာတွင် မင်္ဂလာအပေါင်းနှင့် ပြည်စုံလှသော မြန်မာ့ရိုးရာ သီတင်းကျွတ် ပွဲတော်ကာလ၌ စီမံကိန်းသတ်မှတ်ကာလထက်(၃)လစော၍ တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူသည့်အနေဖြင့် စက်ရုံစတင် စမ်းသပ်လည်ပတ်နိုင်သည့်အတွက် လှိုက်လှဲစွာ ဝမ်းသာမိကြောင်း၊ ပြည်သူများ တည်ငြိမ် ပြည့်ဝသော လျှပ်စစ်ဓာတ်အားများကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်စေရန် Generation Mix အတွင်း ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ကို အခြေခံ၍ထုတ်လုပ်လျက်ရှိပြီး နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများဖြစ်သော မင်းဘူး (၄၀) မဂ္ဂါဝပ် နှင့် သပြေဝ (၃၀) မဂ္ဂါဝပ် တို့မှလည်း ထုတ်လုပ်လျက်ရှိကြောင်း၊မြေပေါ်(Ground-mounted)နှင့် ရေပေါ် (Floating) နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသစ်များကို  အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပထဝီအနေအထားအရ အရေးပါသော ရခိုင်ပြည်နယ်မှ နိုင်ငံတော်နှင့် ပြည်သူများ၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရန်  ရွှေသဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ကုဗပေ ၂၂ သန်းအသုံးပြု၍ ၁၃၅ မဂ္ဂါဝပ် စွမ်းအား၊ တစ်နှစ်လျှင် ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၀၀၀ ခန့်ထုတ်လုပ်နိုင်မည့် ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ စက်တပ်ဆင်အင်အားမှာ ၁၅၉ မဂ္ဂါဝပ်ရှိပြီး ကမ္ဘာ့အဆင့်မီ စွမ်းရည်မြင့် ဓာတ်အားပေးစက်များအား တပ်ဆင်အသုံးပြုထားပါကြောင်း၊ ဤစက်ရုံတွင် စွန့်ပစ်အပူကိုပြန်လည်အသုံးပြုခြင်း၊ မြေအောက်ရေအစား ပင်လယ်ရေကိုသာ အသုံးပြုခြင်းစသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းပညာများအား အသုံးပြုထား ပါကြောင်း၊ အဆင့်မြင့်နည်းပညာဖြင့် GIS ခွဲရုံတပ်ဆင်အသုံးပြုထား၍ ဓာတ်အားစနစ်တည်ငြိမ် စိတ်ချရမှုနှင့် စက်ရုံရေရှည်တည်တံ့မှုရှိမည်ဖြစ်ကြောင်း၊  ကျောက်ဖြူ ၂၃၀ ကေဗွီ ဓာတ်အား ခွဲရုံမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် ဓာတ်အားစနစ်အား ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးသွားနိုင်မှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် လူမှုစီးပွားဘဝဖွံဖြိုးစေနိုင်မှာ သေချာလှ၍  အရေးပါသော ဓာတ်အားပေးစက်ရုံတစ်ခုဖြစ်သဖြင့် စီမံကိန်းကို အောင်မြင်စွာ အကောင် အထည်ဖော်တည်ဆောက်ခဲ့သည့် ပုဂ္ဂိုလ်များအားလုံးအား အထူးကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့သည်။       

          ယင်းနောက် ဗွီဒီယိုကွန်ဖရင့်ဖြင့် PowerChina Resources Co.,Ltd ၏ ဥက္ကဌ မှ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ကျေးဇူးတင် စကားပြောကြားပါသည်။

          ထို့နောက် ဓာတ်အားပေးစက်ရုံစက်စတင်စမ်းသပ်လည်ပတ်ခြင်းအခမ်းအနား အထိမ်းအမှတ် ဖဲကြိုးအား ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာ ဝန်ကြီး ဦးသန်းထွန်း၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ၊ PowerChina Resources Co.,Ltd နှင့် Kyauk Phyu Electric Power Co.,Ltd. တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး  မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြသည်။

          ထို့နောက် ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပင့်ဖိတ် ထားသော သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူကြကာ ဆရာတော်အရှင်သူမြတ်များအား သီတင်းကျွတ်လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဓာတ်အားထိန်းချုပ်ခန်း၊ ဓာတ်အားပေးစက်ကြီးများမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အထိမ်းအမှတ်သစ်ပင်အား စိုက်ပျိုးပေးခဲ့ကာ ဒုတိယဝန်ကြီးက မှတ်တမ်းတင် ဆုတောင်းစကား ရေးသားခဲ့ပါသည်။

          အခမ်းအနားအပြီး၌ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ၊ ပြည်နယ်ဝန်ကြီးများနှင့်  တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့် အလွတ်သဘော တွေ့ဆုံပြီး နှစ်နိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Post under by : ဝန်ကြီးရုံး
12-Oct-2022