နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ( ၁၂ ) ရက်
(ပြည်သူများအတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေး အလေးပေးဆောင်ရွက်)
လာမည့် နွေရာသီကာလအတွင်း ပြည်သူများအတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ် ဓာတ်အားများ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေး အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ယခုကာလမှစ၍ ရေလှောင်တမံအတွင်း ရေများအား စုဆောင်းထားရှိရမည် ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်တာဘိုင်နှင့် ဂျင်နရေတာများအား ဓာတ်အားထုတ်လုပ်ချိန်တွင် စွမ်းရည်မြင့်မားစွာ ထုတ်လုပ်နိုင်ရေးအတွက် ကြိုတင်ပြုပြင်၍ အသင့်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ယင်းသို့ စက်စွမ်းရည်များ မြှင့်တင်သလို ဝန်ထမ်းများ၏ အင်ဂျင်နီယာ နည်းပညာစွမ်းရည်များအား မြှင့်တင်ကြရန်နှင့် ကြီးကြပ်သူများက မျိုးဆက်သစ် ဝန်ထမ်း ငယ်များအား မွေခံထိုက်စေဖြစ်စေရေးအတွက် အစဉ်လေ့ကျင့်ပျိုးထောင်သွားကြရန် အထူး လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
အောက်တိုဘာလ (၁၂) ရက်နေ့ နံနက်ပိုင်း၌ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အတွင်းရှိ ကွန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို ကွန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စက်ရုံမှူး ဦးကျော်သန့်ဇင်က နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်နှင့် ချိတ်ဆက်မှု အခြေအနေ၊ စက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်များဆိုင်ရာ Cooling စနစ် အစားထိုးပြုပြင်မှု၊ ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းဆောင်ရွက်နေမှုများ၊ အခြားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နေမှု၊ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးညီညီထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပပညာရှင်များ၏ အကူအညီမလိုဘဲ ဆောင်ရွက်နိုင် သဖြင့် အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ အခြားစက်ရုံများမှ အင်ဂျင်နီယာများဖြင့် ပူးပေါင်း ဆောင်ရွက်ကြရသဖြင့် နည်းပညာဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်ခြင်းသည် အထူး ကောင်းမွန်ပါကြောင်း၊ စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး အစဉ်မပြတ် ပြုပြင်ထိန်းသိမ်းရန်နှင့် Switchgear နှင့် Control Panel များအား ပုံမှန်ပြုပြင်ထိန်းသိမ်းသွားရန် လုံခြုံရေး အသိ၊ သတိရှိကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန်၊ စက်ရုံနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ မိသားစုသဖွယ် ရင်းနှီးပြေလည်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်း နှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အဖွဲ့သည် Transformer Yard အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြိီး ဒုတိယဝန်ကြီးက Transformer နှင့် ဆက်စပ်ပစ္စည်းများ၊ စက်ရုံ၊ Switchyard တို့နှင့် ချိတ်ဆက်သည့် တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်းများ၊ Underground Cable များအား အမြဲမပြတ် ထိန်းသိမ်းရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဦးစားပေး ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များအား မှာကြားသည်။
အဆိုပါ ကွန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၏ အနောက်တောင်ဘက် (၉) မိုင်ခန့်အကွာ ကွန်းချောင်းပေါ်တွင် တည်ဆောက် ထားပြီး ရေလှောင်တမံမှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်၍ ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ ၉၅၅၀၀၀ ဧကပေ သိုလှောင်နိုင်ပြီး နှစ်စဉ်စီးဝင်ရေ ၆၀၀၀၀ ဧကပေ စီးဝင်ကာ စိုက်ပျိုးရေပေးဝေသော စိုက်ဧက ၁၁၀၀၀၀ ဧကသို့ ရေပေးဝေလျက် တပ်ဆင် အင်အားအနေဖြင့် (၂၀) မဂ္ဂါဝပ်၊ ဓာတ်အားပေးစက် (၃) လုံး၊ (၆၀) မဂ္ဂါဝပ်မှ နိုင်ငံတော် ဓာတ်အားကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ၁၉၀ ကီလိုဝပ် နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။