၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ( ၂၃ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတဝှမ်းဓာတ်အားလုံလောက်စွာ ဖြန့်ဖြူး ပေးနိုင်ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရနိုင်သမျှသောစွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အား ထုတ်လုပ်မှုပုံစံမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေးကို စီမံ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်လျက်ရှိသည်များအနက်မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက်(၁၄)မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်း ပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် ၊ အောက်တို ဘာလ ၂၃ ရက်နေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်တွင် ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် အမှတ်(၅) တည်ဆောက်ရေး ညွှန်ကြားရေးမှူးတို့က စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်း၏ အဓိကလုပ်ငန်းကြီးများဖြစ်သည့် ရေလွှဲရေထုတ်ပြွန်၊ ပင်မတမံ၊ ပင်မရေပိုလွှဲ၊ ရေယူ အဆောက်အအုံ၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့်သံမဏိပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအားလည်းကောင်း၊ တည်ဆောက်ပြီး ဖြစ်သည့် ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား (၅၄) မဂ္ဂါဝပ် ထုတ်လုပ်နေမှု အခြေအနေများအားလည်ကောင်း အသီးသီးရှင်းလင်းတင်ပြကြ ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏သဘာဝအရင်းအမြစ်များ ရရှိမှုအပေါ်အခြေခံ၍ စီးပွားရေးအရ တွက်ချေကိုက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့် ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၏ နှစ်စဉ်တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိလာပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အပြင် ဒေသခံ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာပြီး လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း မိမိတို့ဝန်ထမ်းများက ပြည်သူလူထုကို သဘာဝပတ်ဝန်းကျင် ထိခိုက် နစ်နာမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေသည်ကို နားလည်သဘောပေါက်အောင် ရှင်းလင်းတင်ပြရန်နှင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှ နားလည် သဘောပေါက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန် လိုအပ်ကြောင်း၊ ၄င်းအပြင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေများအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိ အမြဲရှိစေရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြုစေရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား စံချိန်စံညွှန်းပြည့်မီရေးနှင့် နိုင်ငံတော်၏ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး အထူးအလေးထား၍ ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်းနှင့် ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ရရှိသုံးစွဲ နိုင်စေရေးအတွက် စီမံကိန်းအား ဆောလျင်စွာ ပြီးစီးရေးကို အားလုံးဝိုင်းဝန်း ကြိုးပမ်း၍ အားသွန်ခွန်စိုက် တွန်းအားပေးဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ပင်မတမံ တည်ဆောက်ခြင်း ပြီးစီးနေမှုအခြေအနေ၊ ပင်မရေပိုလွှဲလုပ်ငန်း တည်ဆောက်ခြင်း ဆောင်ရွက်မှုအခြေအနေ၊ ရေယူအဆောက်အအုံ ကျောက်သားနံရံခိုင်ခန့်မှုလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ရေထိန်းတံခါးပြွန် တည်ဆောက်ပြီးစီးနေမှုအခြေအနေ၊ ရေသွယ် ဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်နှင့် ဖိအားမြင့်သံမဏိပိုက်လိုင်း Structure ကွန်ကရစ် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုအခြေအနေနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက် ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း၏ ပင်မရေလှောင်တမံမှာ အလျား(၁၈၀၀)ပေ အမြင့်(၂၃၀)ပေရှိ ဇုန်အမျိုးအစားကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ(၁၀၄၀၀၀) ဧကပေရှိကာ စက်တပ်ဆင်အင်အား (၁၇) မဂ္ဂါဝပ်ရှိ စက်(၃)လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား (၅၁) မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ် ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၂၆၇)သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြု စီမံကိန်းတစ်ခုဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ (၇၂.၂၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ကုန်ဆုံးပါက (၇၆.၅၇)ရာခိုင်နှုန်းခန့် ပြီးစီးမည်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ပြီးစီးမည်ဖြစ်ပါသည်။
အဆိုပါအထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများနှင့် လက်ရှိကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိ လာသည့် လျှပ်စစ်ဓာတ်အားများကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မ ဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန် အတွက် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။