The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ အောက်တိုဘာလ (၂၄) ရက်

(MSME လုပ်ငန်းများဆိုင်ရာ ဒေသကုန်ထုတ်စက်ရုံများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေး အလေးပေး ဆောင်ရွက်)

 နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် အခရာကျသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (Micro ၊ Small and Medium Enterprise-MSME) လုပ်ငန်းများဆိုင်ရာ ဒေသကုန်ထုတ် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်တို့အတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများအား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်သည့် နိုင်ငံ့လျှပ်စစ်ဝန်ထမ်းကောင်းများဖြစ်စေရေး တာဝန်များကို ကျေပွန် အောင် ကြိုးပမ်းထမ်းဆောင်ကြရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားခွဲရုံများအား ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

               ဦးစွာနံနက်ပိုင်း၌ တပ်ကုန်းမြို့၊ ၂၃၀ကေဗွီ ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက သာစည်ပင်မ ဓာတ်အားခွဲရုံနှင့် ဘီလူးချောင်းအမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့မှ ဓာတ်အားကို ၂၃၀ကေဗွီ ဓာတ်အား လိုင်းများဖြင့် လက်ခံပြီး နေပြည်တော် (၂) ဓာတ်အားခွဲရုံနှင့် ပျဉ်းမနားဓာတ်အားခွဲရုံတို့မှ တစ်ဆင့် နေပြည်တော်နှင့် တောင်ပိုင်းရှိ ဓာတ်အားခွဲရုံများသို့ ပို့လွှတ်မှုအခြေအနေများ၊ ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ဖီဒါများမှ တစ်ဆင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များသို့ ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး  ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက် ရှင်းလင်းသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားစနစ်အတွင်း ပို့လွှတ်ဖြန့်ဖြူးခြင်း အတွက် အရေးပါသော ၂၃၀ကေဗွီ ပင်မဓာတ်အားခွဲရုံဖြစ်သဖြင့် ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန်၊ တည်ဆောက်ဆဲ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ပြီးစီးပါက ဓာတ်အားလက်ခံပို့လွှတ် နိုင်ရေးအတွက် Power Flow Analysis များ ဆောင်ရွက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်၊ ဓာတ်အားပြတ် တောက်မှု လျော့နည်းကျဆင်းရေး အလေးပေးဆောင်ရွက်ရန်၊ လုံခြုံရေး အသိ၊ သတိရှိကြရန်နှင့် ခွဲရုံ အတွင်း/ အပြင်နှင့် ဝန်ထမ်းအိမ်ရာ သန့်ရှင်းသာယာလှပရေး ပုံမှန် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် ပင်မဓာတ်အားခွဲရုံ၏ Switchyard အတွင်း ကြည့်ရှုစစ်ဆေးပြီး ခွဲရုံရှိ Shunt Reactor ၊ Transformer ၊ Switchgear နှင့် အခြားခွဲရုံသုံး ပစ္စည်းများအား ပြစ်ချက်ရှာ စစ်ဆေးရန်၊ ပစ္စည်းကိရိယာများအပေါ်သို့ တိရစ္ဆာန်များ မတက်ရောက်စေရန် အကာအရံ အတားအဆီးများ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်သုံး အကာအကွယ်ဝတ်စုံများ ဝတ်ဆင်၍ ထိန်းသိမ်းပြုပြင်မှု လုပ်ငန်း များကို အချိန်ဇယားရေးဆွဲ၍ ပုံမှန်ဆောင်ရွက်ရန်၊ ရမည်းသင်းမြို့သို့ ဓာတ်အား ပိုမိုတည်ငြိမ်၍ လေလွင့်ပျောက်ဆုံးမှု နည်းပါးစွာ ပို့လွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ၆၆ကေဗွီ တိုးချဲ့ Gantry တည်ဆောက်ခြင်းအား သတ်မှတ်ချိန်အတွင်း နည်းပညာအရည်အသွေး စံနှုန်းများနှင့်အညီ ပြီးစီး အောင် ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ၃၃ကေဗွီ ရေဆင်း GIS (Gas Insulated Substation) လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးခွဲရုံတွင် ကြည့်ရှုစစ်ဆေးရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် (ဓာတ်/ ဖြန့်) ဦးမျိုးဝင်းက  ၎င်းခွဲရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေမှု အခြေအနေအား တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ၃၃ကေဗွီ ပုဗ္ဗသီရိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးခွဲရုံသို့ စစ်ဆေးရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးဇော်မင်းထွန်းက လျှပ်စစ်ဓာတ်အားပြည့်ဝစွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေး နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားလေလွင့်ပျောက်ဆုံးမှု လျော့နည်း ကျဆင်း ရေး အလေးထား ဆောင်ရွက်ရန်၊ ခွဲရုံရှိ Transformer များ၊ Switchgear နှင့် အခြားခွဲရုံသုံး ပစ္စည်းများအား စဉ်ဆက်မပြတ် ထိန်းသိမ်းစစ်ဆေးရန်၊ ရေရှည် တည်တံ့ခိုင်မြဲသည့် ခွဲရုံဖြစ်ရေး အလေးပေး ဆောင်ရွက်ရန်၊ အရန်ပစ္စည်း ကိရိယာများအား အမြဲအသင့်ရှိနေစေရန်၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများအား လိုက်နာလျက် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေး အသိ၊ သတိဖြင့် အစဉ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
26-Oct-2022