The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ အောက်တိုဘာလ (၂၉) ရက်

(ပြင်ဦးလွင်မြို့နယ် ဘော်ကျေးရွာအုပ်စု၊ ဘော်ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ သတင်း)

            ယနေ့ကျင်းပသည့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသည် နိုင်ငံတော်မှ ပြည်သူများအပေါ် ထားရှိသည့် မွန်မြတ်သော စေတနာကို ကောင်းစွာ ထင်ဟပ်လျက်ရှိနေကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် ဓာတ်အားများအား မဟာဓာတ်အားလိုင်း များဖြင့် ပို့လွှတ်ကာ ဓာတ်အားခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများမှတစ်ဆင့် ပြည်သူများ၏ လက်ဝယ်အရောက် လျှပ်စစ်ဓာတ်အား ရောက်ရှိသုံးစွဲနိုင်ရေး အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ စတင်သုံးစွဲနိုင်ပြီဖြစ်သည့် လျှပ်စစ်ဓာတ်အားများဖြင့် ကျေးရွာရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်နိုင်အောင် မုချဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ယခုလ (၂၆) ရက်နေ့ နံနက်ပိုင်း၌ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဘော်ကျေးရွာအုပ်စု၊ ဘော်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်စဉ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ထည့်သွင်းပြောကြားခဲ့သည်။

            ဦးစွာ ဘော်ကျေးရွာသို့ ဒုတိယဝန်ကြီးနှင့်အဖွဲ့ ရောက်ရှိလာရာ ရပ်မိရပ်ဖများနှင့် ကျောင်းသား/ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် ဖဲကြိုးအား ဒုတိယဝန်ကြီး၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း  ဒါရိုက်တာအဖွဲ့ဝင် (၁) ဦးတင်အောင်၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့ဝင် ဦးသောင်းမြင့်သိန်း၊ ရပ်မိရပ်ဖ ဦးမောင်ထူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျေးရွာပြည်သူများအား နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်သုံးစွဲနိုင်ရန် ဒုတိယဝန်ကြီးက ထရန်စဖော်မာအား ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

            ယင်းနောက် အစီအစဉ်အရ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အဖွင့် အမှာစကား ပြောကြားရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ထွန်းလာ စေရန်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အစွမ်းကုန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ရပ်ကွက်ကြီး ၂၁ ရပ်ကွက်၊ ကျေးရွာပေါင်း ၁၂၂ ရွာ ရှိပြီး လျှပ်စစ်ဓာတ်အား သုံးစွဲသူ ခြောက်သောင်းကျော်ခန့်အား ၂၃၀ ကေဗွီ ရွှေစာရံခွဲရုံရှိ ၁၃၂ကေဗွီ ဓာတ်အားလိုင်းမှ ပို့လွှတ်သောဓာတ်အားကို ၁၃၂ ကေဗွီ အနီးစခန်းနှင့် ရတနာပုံပင်မ ဓာတ်အားခွဲရုံများမှ  လက်ခံရယူပြီး ၃၃ ကေဗွီ ဓာတ်အား ခွဲရုံ ၉ ရုံမှ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (ဒုတိယအဆင့်) ဖြင့် ပြင်ဦးလွင် မြို့နယ်ရှိ ၆ ရွာ ဆောင်ရွက်လျက်ရှိရာ ယခုရွာအပါအဝင် ကျန် ၃ ရွာမှာ မီးလင်းပြီး ဖြစ်ပါကြောင်း၊ ယနေ့မီးလင်းသည့် ဘော်ကျေးရွာအတွက် ၁၁/၀.၄ ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၁၁/၀.၄ ကေဗွီ၊ ၅၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး တည်ဆောက်ခြင်းအပါအဝင် ကျားတွင်းရေ၊ ပင်စုပ်၊ ကျောက်ခွက်၊ ကျောက်မဲလေး၊ နောင်ပိန်ကျေးရွာ စုစုပေါင်းကျေးရွာ ၆ ရွာအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၇.၇၅ မိုင်နှင့်  ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၈ လုံးကို ငွေကျပ် သန်းပေါင်း ၅၅၆ သန်းခန့် နိုင်ငံတော်မှ အကုန်ကျခံ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဘော်ကျေးရွာရှိ အိမ်ခြေ ၁၇၀ အိမ်၊ လူဦးရေ ၇၈၃ ဦး အတွက် လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာဖြင့် သုံးစွဲရေးကိုလည်း အလေးထား သတိပြုကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ငွေကြေးမြောက်မြားစွာ အကုန်ကျခံ၍ တည်ဆောက်ပေးခဲ့ပြီး ဖြစ်သော ခွဲရုံ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို ဂရုပြုဆောင်ရွက်ပေးကြရန်၊ ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ ပါသည်။

            ဆက်လက်၍ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်က အမှာစကားပြောကြားပါသည်။ ပြီးနောက် ကျေးရွာနေပြည်သူများအား လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ပြီး ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဇင်မိုးဦးက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ချွေတာသုံးစွဲရေးအတွက် ပညာပေး ပြောကြားသည်။ ထို့နောက် ရပ်မိရပ်ဖ ဦးဖိုးထူးက ကျေးဇူးတင်စကားပြောကြားပြီး ဘော်ကျေးရွာ မီးလင်းရေးဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား ဒုတိယဝန်ကြီးထံ ပေးအပ်ခဲ့သည်။ ဒုတိယဝန်ကြီးက ကျေးရွာမီးလင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့သည့် ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်သစ်သီးခြင်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။  

Post under by : ဝန်ကြီးရုံး
30-Oct-2022