၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃ ) ရက်
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိသည့် အတွက် အဆိုပါတိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အပါအဝင် ရနိုင်သမျှသောစွမ်းအင် အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်မှုပုံစံမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေး အထူးအလေးထား၍ စီမံဆောင်ရွက် လျက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ လျှပ်စစ် ဓာတ်အား တိုးတက်ထုတ်ယူရရှိနိုင်ရန် အသေးစားရေအားလျှပ်စစ်နှင့် အခြားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်မည့်နေရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေလွှဲဆည်နှင့် အောက်ဘက် နေရာ(၂)ခုတွင် အသေးစားရေအားလျှပ်စစ်ဖြစ်မြောက်နိုင်မည့် အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပေါင်းလောင်းချောင်း၏ အရှေ့ဘက်ခြမ်းတွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် အခြားလျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန် သင့်တော်မည့်နေရာများအား ကြည့်ရှု စစ်ဆေးကာ မြေနေရာအကျယ်အဝန်း၊ ဖြစ်မြောက်နိုင်စွမ်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ဆန်းစစ်မှုတို့နှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် လယ်ဝေးမြို့နယ်ရှိ သဲဖြူရေလှောင်တမံနှင့် ချောင်းမငယ်ရေလှောင်တမံများသို့ သွားရောက်၍ ရေပေါ်နေရောင်ခြည်စွမ်းအင်သုံးစနစ်များ ဖြစ်မြောက်နိုင်စွမ်းကိုလည်းကောင်း၊ အခြားလျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန် သင့်တော်မည့်နေရာများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏သဘာဝအရင်းအမြစ်များ ရရှိမှုအပေါ်အခြေခံ၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် လျှပ်စစ်ဓာတ်အား ထုတ်ယူရရှိနိုင်သည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၏ နှစ်စဉ်တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိလာပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိတို့ ဝန်ထမ်းများက ပြည်သူလူထုကို သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေသည်ကို နားလည်သဘောပေါက်အောင် ရှင်းလင်းတင်ပြရန်နှင့် မိမိတို့ ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှ နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန် မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။