The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ  (၈) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russian State Atomic Energy Corporation “ROSATOM” တို့ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့၊ ၁၃:၃၀ နာရီ အချိန်တွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး၊ ဦးသောင်းဟန် တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

   ထိုသို့ပြောကြားရာတွင် ယနေ့တွေ့ဆုံဆွေးနွေးရခြင်းသည် မိမိတို့ဝန်ကြီးဌာနနှင့် ROSATOM တို့အကြား ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများအတွက် လိုအပ်သည်များ ပေါင်းစပ်နိုင်ရန်နှင့် မြေပြင်တွင်လိုအပ်ချက်များ ပေါင်းစပ်နိုင်ရန် ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်သည့်အလျောက် ရုရှား-မြန်မာ နှစ်နိုင်ငံနှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာဖြင့် ရေရှည်ပူးပေါင်းမှု၏ အကျိုးရလဒ်များလည်းဖြစ်ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့ စတော့မြို့တွင် ၅-၉-၂၀၂၂ ရက်နေ့မှ ၈-၉-၂၀၂၂ ရက်နေ့အထိ ကျင်းပခဲ့သည့် သတ္တမ အကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (7th Eastern Economic Forum-EEF) ကာလ အတွင်း ၆-၉-၂၀၂၂ ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ROSATOM တို့အကြား “Road Map on Cooperation in the field of the use of Nuclear Energy for Peaceful Purposes for 2022-2023 “အား လက်မှတ်ရေးထိုးခဲ့ကြ ပါကြောင်း၊ ၎င်းအပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဆိုချီမြို့တွင်ကျင်းပခဲ့သည့် ATOMEXPO -2022 ကာလအတွင်း ရုရှားနိုင်ငံသို့သွားရောက်ခဲ့သည့် ခရီးစဉ်တွင်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosatom Energy Projects, Joint Stock Company တို့သည် ရုရှား-မြန်မာ Small Modular Reactor (SMR) Projects အတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုဆောင်ရွက်ရန် သဘောတူစာချုပ်ကို ၂၁-၁၁-၂၀၂၂ ရက်နေ့တွင်လည်းကောင်း၊ နားလည်မှုစာချွန်လွှာ (MOU) ကို ၂၂-၁၁-၂၀၂၂ ရက်နေ့တွင်လည်းကောင်း အသီးသီးလက်မှတ်ရေးထိုးခဲ့ကြသဖြင့် ပိုမိုတိုးတက်သည့် ရလဒ်ကောင်းများရရှိနေပြီဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလာရောက်သော ROSATOM ကုမ္ပဏီအနေဖြင့် ထပ်မံ တိုးချဲ့၍ရင်းနှီးမြှုပ်နှံနိုင်ရန်၊ ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရန်၊ အသေးစားရေအား လျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်စေရန်၊ လေအားလျှပ်စစ် အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းလုပ်ငန်းများတွင်လည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ပူးပေါင်းပါဝင်နိုင်ရန် ဆွေးနွေးမှုများလည်း ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းဆွေးနွေးမှုများအပေါ်တွင်လည်း ဆက်လက်တိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ နည်းပညာအကူအညီများ၊ တည်ဆောက်ရေးများနှင့် ရင်းနှီးမြှုပ်နှံမှုများတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ဖိတ်ခေါ်လိုပါကြောင်း၊ တိုးတက်မှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန်အတွက် အပူ စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများ ဆောင်ရွက်ခြင်း နှင့် စက်ရုံများတည်ဆောက်နိုင်မည့် ကနဉီးနေရာများအား ကြည့်ရှုလေ့လာဆွေးနွေးခြင်းတို့ အပြင် ယမန်နေ့ကလည်း မြန်မာနိုင်ငံအတွင်း လေအားလျှပ်စစ်စီမံကိန်း တည်ဆောက် ဆောင်ရွက်နိုင်ရန် အလားအလာရှိသောနေရာများနှင့် အသေးစားရေအားလျှပ်စစ် တည်ဆောက် အကောင်အထည်ဖော်ရန် နေရာများကိုလည်း မြေပြင်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သဖြင့် လေ့လာတွေ့ရှိချက်များအပေါ် ရလဒ်ကောင်းများရရှိစေရေး ဆက်လက်ဆွေးနွေးစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် သက်ဆိုင်ရာဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် “ROSATOM”ကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်းနှင့် နေ့လည်ပိုင်းတွင် စီမံကိန်းလုပ်ငန်းများ အလိုက် အကောင်အထည်ဖော်မည့်အဖွဲ့များနှင့် အသေးစားရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး၊ ပြန်ပြည့်မြဲ စွမ်းအင် လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး၊  အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်ရေးနှင့် မြန်မာနိုင်ငံတွင်အသုံးပြုမည့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် လီသီယံ ဘက္ထရီထုတ်လုပ်သည့် စက်ရုံတည်ဆောက်နိုင်ရေး စသည့်ကဏ္ဍများအလိုက်  အသီးသီး ဆက်လက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
08-Dec-2022