The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ  (၁၃) ရက်

  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ Russian State Atomic Energy Corporation “ROSATOM” တို့ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့၊ ၁၁:၀၀ နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov ၊ Russian State Atomic Energy Corporation “ROSATOM” ၏ Deputy Director General Mr. Spasskiy Nikolay နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

   ဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့တွေ့ဆုံပွဲသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ROSATOM တို့ကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်း ဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲအတွက် ကျင်းပရခြင်းဖြစ်သကဲ့သို့ နှစ်နိုင်ငံ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာဖြင့် ရေရှည်ပူးပေါင်းမှု၏ အကျိုးရလဒ်ဖြစ်ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ၅-၉-၂၀၂၂ ရက်မှ ၈-၉-၂၀၂၂ရက်အထိ ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ် (7th Eastern Economic Forum-EEF) ကာလအတွင်း ၆-၉-၂၀၂၂ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ၊ The State Atomic Energy Corporation Rosatom တို့အကြား Road Map အား လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဆိုချီမြို့တွင် ကျင်းပသည့် ATOMEXPO -2022 ကာလအတွင်း ရုရှားနိုင်ငံသို့သွားရောက်ခဲ့သည့် ခရီးစဉ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rusatom Energy Projects, Joint Stock Company တို့သည် ရုရှား-မြန်မာ Small Modular Reactor (SMR) Projects အတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုဆောင်ရွက်ရန်၊ NDA ကို ၂၁-၁၁-၂၀၂၂ ရက်နေ့တွင် လည်းကောင်း၊ MOU ကို ၂၂-၁၁-၂၀၂၂ ရက်တွင်လည်းကောင်း အသီးသီးလက်မှတ်ရေးထိုး ခဲ့ကြပါကြောင်း၊ ယခုကဲ့သို့ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်  စဉ်ဆက် မပြတ် တိုးတက်ဆောင်ရွက်ရေးအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအား လေ့လာမှုအား အထောက်အကူဖြစ်သော ကနဦးနေရာများအား ကြည့်ရှုလေ့လာဆွေးနွေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ဖြစ်မြောက်နိုင်စွမ်း လေ့လာနိုင်ရေးအတွက် လိုအပ်သော Terms of Reference (TOR) ကိုလည်း ယနေ့တွင် လက်မှတ်ရေးထိုးမည် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီးလည်း SMR အတွက် ကနဦးလေ့လာ ဆန်းစစ်ချက်များတွင် လိုအပ်သော အခြေခံအချက်အလက်များကိုလည်း Working Group အဖွဲ့များဖြင့် ပူး‌ပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများလည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ROSATOM မှ ကိုယ်စားလှယ်များမှ မြန်မာနိုင်ငံ အတွင်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သော လေအားလျှပ်စစ်၊ အသေးစားရေအား လျှပ်စစ်များကိုလည်း မြေပြင်တွင် သွားရောက်လေ့လာ ကြည့်ရှုဆောင်ရွက်ကြပြီးဖြစ်ပါ ကြောင်း၊ အထူးသဖြင့် လေအားလျှပ်စစ်ထုတ်လုပ်မှုကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာနိုင်ငံ၌ အလားအလာကောင်းများရှိသော နေရာ(၆)ခုတွင် စုစုပေါင်း မဂ္ဂါဝပ် (၈၁၀၀) ကျော်ခန့် ထုတ်လုပ်နိုင်ကြောင်း စူးစမ်းလေ့လာထားမှုအရ သိရှိရသဖြင့် ROSATOM အနေဖြင့် လေအားလျှပ်စစ်ထုတ်လုပ်မှုတွင် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး အထူးအလေးထားဆောင်ရွက်စေလိုပါကြောင်း၊ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၇၅ နှစ်မြောက်ကာလအတွင်း မိမိတို့နိုင်ငံအား ယခုကဲ့သို့ ကူညီ ဆောင်ရွက်ခဲ့မှုကို များစွာအသိအမှတ်ပြုပါကြောင်းနှင့် အနာဂတ်တွင်လည်း ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန် ရည်မှန်းထားပါကြောင်း ပြောကြားခဲ့ပါသည်။

 ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာပြည်သူလူထု၏ အပြုသဘော ဆောင်သည့် သဘောထားအမြင်များရရှိစေရန်အတွက် အရေးပါသည့် နည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေး လုပ်ငန်းများတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အကျိုးရှိရှိ ပူးပေါင်း ဆောင်ရွက်သည့် “ROSATOM” မှ ကျွမ်းကျင်သူများသည် အရည်အချင်း ပြည့်ဝစွာဖြင့် ပူးပေါင်းသွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်းနှင့် မိမိတို့အနေဖြင့်လည်း “ROSATOM” မှ ကျွမ်းကျင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ အပြည့်အဝ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 ဆက်လက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” ၏ Deputy Director General Mr. Spasskiy Nikolay က ပူးပေါင်းဆောင်ရွက်မှုများအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း တည်ဆောက်ခြင်းတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ကာလကြာရှည်စွာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းနှင့်ပတ်သက်၍ လိုအပ်သော သဘောတူစာချုပ်များ ဆက်လက် ရေးထိုးနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov က နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရေရှည်စီမံကိန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး ယခုဆောင်ရွက်မည့် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသည် တည်ဆောက်ချိန်ကြာမြင့်မှုမရှိပဲ ရေရှည်လည်ပတ် မောင်းနှင်နိုင်မည်ဖြစ်ကြောင်း အသီးသီးပြောကြားခဲ့ပါသည်။

  ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား “ROSATOM” တို့အကြား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်(IGA) မူကြမ်းကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rusatom Energy Project, Joint Stock Company တို့အကြား အသေးစားအပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း အကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာမှုလုပ်ငန်းအတွက် ဆောင်ရွက်ရမည့် တာဝန် ဝတ္တရားများ (Terms of Reference - TOR) ကိုလည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် Rosatom International Network တို့အကြား Joint Communication Plan for increasing public acceptance of atomic technologies in Myanmar အားလည်းကောင်း နှစ်နိုင်ငံတာဝန်ရှိသူများက အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
13-Dec-2022