The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဒီဇင်ဘာလ (၁၅) ရက်

   ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားများအား အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်ဝအောင် နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယင်းကာလအတွင်း တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝန်ထမ်းများက စီမံချက်အတိုင်း မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများကို လစ်ဟာမှုမရှိအောင် အထူးအရေးကြီးတာဝန် တစ်ရပ်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။        

   ယခုလ (၁၅) ရက်နေ့၊ ညနေပိုင်း၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားများ ကျင်းပစဉ် ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး စီမံချက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ ဗိုလ်ရှုသဘင်အခမ်းအနား ကျင်းပပြုလုပ်မည့် နေရာ၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်များ၊ ပြခန်းများနှင့် တိုင်းရင်းသားရိုးရာ အစားအသောက်ဆိုင်ခန်းများ ခင်းကျင်းပြသရောင်းချမည့် နေရာနှင့်  ဧည့်သည်တော်များ တည်းခိုမည့် နေရာများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားမည့် ဓာတ်အားခွဲရုံများသို့ ကြည့်ရှုစစ်ဆေးစဉ် ထိုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

   ယင်းသို့ စစ်ဆေးစဉ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ နေပြည်တော် အင်ဂျင်နီယာချုပ် ဦးမိုးသက်၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူ များက လျှပ်စစ်ဓာတ်အားပြည့်ဝစွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိမှုအခြေအနေများအား စမ်းသပ်တင်ပြကြပြီး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇော်ဇော်အောင်က ဖြည့်စွက်ရှင်းလင်း တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ကြီးကြပ်သူ များသည် အဖွဲ့အားလုံးအား စဉ်ဆက်မပြတ် ကွပ်ကဲစစ်ဆေးသွားရန်၊ အဖွဲ့ဝင်များကလည်း လိုအပ်သည်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်၊ အကြောင်း အမျိုးမျိုးကြောင့် ပင်မဓာတ်အားလိုင်း ပြတ်တောက်ချိန်တွင် အရန်ဓာတ်အားလိုင်းဖြင့် အမြန်ဆုံးချိတ်ဆက်ဆောင်ရွက်ရန်၊ UPS များ၊ Battery Bank များ၊  Transformerနှင့် Switchgear Control Panel များ၊ အရန်ဓာတ်အားလိုင်းများနှင့် အရန်မီးစက်များအား ကြံ့ခိုင်မှုကောင်းမွန်စေရေး အလေးပေးဆောင်ရွက်ရန်၊ ဓာတ်အားဖြန့်ဖြူးမည့် နေရာ များအား အမြဲမပြတ်စစ်ဆေးရန်၊ အရန်ပစ္စည်း ကိရိယာများအား အမြဲအသင့်ရှိနေစေရန်၊ လုပ်ငန်းခွင်သုံး အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ကြရန်၊ ဓာတ်အားခွဲရုံနှင့် အရန်မီးစက် များအနီး မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်ရန်နှင့် သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ရန်၊ အရန်မီးစက်များအား အမိုးအကာဖြင့် စနစ်တကျ ထားရှိရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန်၊ လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက်သွားကြရန်နှင့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

Post under by : ဝန်ကြီးရုံး
16-Dec-2022