The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့နှင့် အနီးဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၂၃၀ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံအား ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးမှုအခြေအနေအား သတင်းထုတ်ပြန်ခြင်း

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ   ၁၆  ရက်

 

     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် တိုးမြှင့် ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်လျက်ရှိသလို ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ဓာတ်အားသုံးစွဲသူပြည်သူများထံသို့ ပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိသည့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကိုလည်း အကောင်အထည်ဖော် တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

     ထိုသို့ဆောင်ရွက်နေသည့်ကာလတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့နှင့် အနီးဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံအား (၁၆-၁၂-၂၀၂၂) ရက်နေ့ နံနက် (၁:၃၀) နာရီတွင် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ  ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် အများပြည်သူသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် (၅၀) အမ်ဗွီအေ ထရန်စဖော်မာ(၂) လုံး၊ (၂၀) အမ်ဗွီအေ Shut Reactor (၁)လုံး၊ Gas Circuit Breaker (၂) လုံး၊ Lightning Arrester (၂) လုံး၊ Potential Transformer (၂)လုံး၊ ဓာတ်အားကြိုးများ၊ ဓာတ်အားထိန်းချုပ်အဆောက်အအုံနှင့် မီးစက် အဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့ပြီး ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပါသည်။

       ထိုသို့ဓာတ်အားပြတ်တောက်မှုကြောင့် မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့နှင့်အနီးဝန်းကျင်ဒေသများရှိ မီးသုံးစွဲသူ (၅၆,၃၆၃)ဦးတို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက် ခဲ့ရပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် ကုန်သွယ်ရေးဇုန်တို့တွင်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့၍ ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ရပါသည်။ သို့ပါ၍ အဆိုပါပျက်စီးခဲ့သော ဓာတ်အားခွဲရုံကိုလည်း အမြန်ဆုံးပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

      NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အများပြည်သူသို့ ဖြည့်ဆည်း ပေးလျက်ရှိသည့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများအပေါ် ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ဓာတ်အားပေးစက်ရုံ၊ ခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများသို့ ဝင်ရောက်ဖောက်ခွဲပစ်ခတ်ဖျက်ဆီးမှု အကြိမ်ပေါင်း (၂၁၀)ကြိမ် ပစ်ခတ်ဖျက်ဆီး ဖောက်ခွဲခဲ့သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူများလိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ပြန်လည်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေများရှိ လုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်းကာ ပြုပြင် ဆောင်ရွက်မှုများကိုဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

                                                                                                လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
16-Dec-2022