The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ပိန္နဲတော ဓာတ်အားခွဲရုံတို့အား ဖောက်ခွဲဖျက်ဆီးမှု အခြေအနေများအား သတင်းထုတ်ပြန်ခြင်း

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ   ၃  ရက်

၁။  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်နေသော်လည်း ယခုကာလများတွင်ပြည်သူလူထု၏လိုအပ်ချက်ကိုလုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူးလျက်ရှိပါသည်။

၂။  ထို့သို့ဆောင်ရွက်နေသည့်ကာလတွင် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများအားဖောက်ခွဲဖျက်ဆီးမှုများ ရည်ရွယ်ချက် ရှိရှိဖြင့် ပြုလုပ်လျက်ရှိရာ ၂-၁-၂၀၂၃ ရက်နေ့တွင် ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ ဓာတ်အားလိုင်း၏ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်းရှိ တာဝါတိုင်(၂)တိုင်ကို  ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် (၂)တိုင် ပြိုလဲပျက်စီးခဲ့ပါသည်။ အဆိုပါ ဓာတ်အားလိုင်းမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း (၈) ကြိမ်နှင့် တာဝါတိုင်ပေါင်း (၁၈)တိုင် ဖျက်ဆီးခံခဲ့ရသော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြင်ဆင်နိုင်ရေးကို စီမံ ဆောင်ရွက်လျက်ရှိပါသည်။

၃။ အလားတူ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့သို့ ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ပိန္နဲတော ၆၆/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအား ၁-၁-၂၀၂၃ ရက်နေ့၊ ၁၉:၅၃ နာရီအချိန်ခန့်တွင် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့သဖြင့် ဓာတ်အားခွဲရုံရှိ ပင်မထရန်စဖော်မာနှင့် ဗို့အားတိုင်းထရန်စဖော်မာတို့ ထိခိုက်ပျက်စီးခဲ့ရပါသည်။ အဆိုပါ ဓာတ်အားခွဲရုံ ထိခိုက်ပျက်စီးခဲ့သဖြင့် ဒေသခံပြည်သူများ အမြန်ဆုံး ဓာတ်အားရရှိရေးအတွက် ပြင်ဆင်မှုများဆောင်ရွက်ခဲ့ရာ ၂-၁-၂၀၂၃ ရက်နေ့ ၁၇:၀၀ နာရီ အချိန်၌ ပြင်ဆင်မှုများ ပြီးစီးခဲ့ပြီး ကျောက်ပန်းတောင်းမြို့သို့ ဓာတ်အားပြန်လည်ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ခဲ့ ပါသည်။

၄။ သို့ပါ၍ ယနေ့အချိန်ထိ NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ရည်ရွယ်ချက်ရှိရှိဖြင့် အများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့်အကြိမ် ပေါင်း(၂၁၇)ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်လည်း လုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်းကာ ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

     

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
03-Jan-2023