The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများစွမ်းဆောင်မှု အရည်အသွေးတိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများဖွင့်ပွဲနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုဆု ဆုချီးမြှင့်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၃ ) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ Covid- 19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်း သား/သင်တန်းသူများနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများ တက်ရောက်ခဲ့ကြပါသည်။     

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရေး နည်းပညာများသည် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲ လျက်ရှိသည့်အတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရမည်ဖြစ်ကြောင်း၊ ယနေ့စတင် ဖွင့်လှစ်မည့် အရည်အသွေးတိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများတွင် လုပ်ငန်းခွင် လိုအပ်ချက်ဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေးကို ဦးတည်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာလည်း နှစ်စဉ်မြင့်တက်လျက်ရှိကာ ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် သဘာဝဓာတ်ငွေ့သုံး အပူစွမ်းအင်စီမံကိန်းများမှနေ၍ အဓိက ဓာတ်အားထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရရှိနိုင်သမျှသော နည်းလမ်းမျိုးစုံဖြင့် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးပို့မှု အပိုင်းတွင်လည်း လေလွှင့်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများ၊ မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများကို နိုင်ငံတစ်ဝှမ်း ရေတိုရေရှည် စီမံချက်များချမှတ်ပြီး ဖြန့်ကျက်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများ အနေဖြင့်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနမှ သတ်မှတ် ထားသော တူညီဝတ်စုံ(Uniform)များကို စနစ်တကျ သေသပ်စွာ ဝတ်ဆင်ကြရန်နှင့် မိမိတို့ တာဝန်ထမ်းဆောင်ရာ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်ရာ၌လည်း လုံခြုံရေးသတိ ဝီရိယရှိရှိဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စေရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၃)နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို သင်တန်းသား (၂၄)ဦးစီဖြင့် စာတွေ့/ လက်တွေ့ ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃)၌ သင်တန်းသား (၄၄)ဦးဖြင့် စာတွေ့/ လက်တွေ့ ရက်သတ္တ(၈)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

   ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

   ၎င်းနောက် စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လိုသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေးကို နံနက် (၁၀:၃၀)နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် လက်ရှိဓာတ်အားထုတ်လုပ်မှုအနေဖြင့် Generation Mix တွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်၊ နေစွမ်းအင်၊ လေစွမ်းအင်အပြင် အပူစွမ်းအင်သုံး ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများကိုလည်း ထည့်သွင်းဆောင်ရွက်သွားရန် စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ နေရောင် ခြည်စွမ်းအင်သုံးစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံလိုသူများမှ စီမံကိန်းအဆိုပြုလွှာများကို မိမိတို့ဝန်ကြီးဌာနသို့ တင်သွင်းထားပါကြောင်း၊ အဆိုပါ နေရောင်ခြည် စွမ်းအင်သုံး စီမံကိန်းများဆောင်ရွက်ရာတွင်လည်း နည်းပညာဆိုင်ရာလိုအပ်ချက်ဖြစ်သော Tracking System ထည့်သွင်းဆောင်ရွက်ပါက ဓာတ်အားပိုမိုပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည့်အတွက် အဆိုပါစနစ်အား ထည့်သွင်းဆောင်ရွက်သွားစေလိုကြောင်း၊ ဓာတ်အားသုံးစွဲမှုအနေဖြင့် အဓိကလိုအပ်သော ဧပြီလမှ ဇွန်လအထိ နွေရာသီကာလတွင် နေရောင် ခြည် စွမ်းအင်မှ ရယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လိုသည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်စပ်လျဉ်းသည့် နည်းပညာဆိုင်ရာ အကူအညီများကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်ပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ လျှပ်စစ်မော်တော်ယာဉ်များအတွက် Charging Station များ တည်ဆောက်၍ အဆိုပါ Station များအတွက် နေရောင်ခြည်စွမ်းအင်ကို အဓိကသုံးစွဲသွားမည်ဖြစ်ပြီး လက်ရှိအချိန်ကာလတွင် ထွက်ရှိလာမည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ချမှတ်ထားသည့် Standard Operation Procedure (SOP)များအတိုင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနအကြီးအကဲများမှ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရှိ စက်မှုဝန်ကြီးဌာနပိုင် အချိုမှုန့်စက်ရုံရှိ မြေဧရိယာပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်မည့် အခြေအနေများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ မူဝါဒလုပ်ထုံးလုပ်နည်း များ၊ ဓာတ်အားခွဲရုံများမှ ဓာတ်အားလက်ခံရရှိနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးများမှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
13-Feb-2023