The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 

 ၂၀၂၃ ခုနှစ်၊ ဖေေဖာ်ဝါရီလ၂၆    ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏အရှေ့မြောက်ဘက် (၁၂)မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄)တည်ဆောက်ရေးမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက် တိုးတက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့အား သူဌေးရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်တွင် အမှတ်(၄) တည်ဆောက်ရေး၊ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းမှ စီမံကိန်းဆိုင်ရာအချက်အလက် များ၊ စီမံကိန်းအဓိကလုပ်ငန်းကြီးများဖြစ်သည့် ပင်မတမံ၊ ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေလွှဲဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့်သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံနှင့် Switch Yard စသည့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပင်မတမံရေဝပ်ဧရိယာအတွင်းကျရောက်သော ကျေးရွာများရွှေ့ပြောင်းပေးခဲ့မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းအစီအစဉ်များအားရှင်းလင်းတင်ပြပြီး ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်မင်းမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။

   တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံတွင် ရေအားအရင်းအမြစ်များစွာရှိ သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာသော ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံကိန်းများကို ဆက်လက်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ ဘတ်ဂျက်ရံပုံငွေ ခွင့်ပြုချက်ပမာဏနှင့်အညီ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် ရံပုံငွေများအား ထိရောက်စွာ အကျိုးရှိရှိသုံးစွဲသွားကြရန်လိုအပ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် သုံးပစ္စည်းများ စံချိန် စံညွှန်း ပြည့်မီရေး၊ စီမံကိန်းတွင်တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား စနစ်တကျတပ်ဆင် အသုံးပြုရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စီမံကိန်းပြီးစီးပါကလည်း ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိသည့်အပြင် ထွက်ရှိ လာသောလျှပ်စစ်ဓာတ်အားဖြင့် ဒေသအခြေခံခရီးသွားလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့်  သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်ဝစွာဖြင့် အမြန်ဆုံးပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ပင်မတမံရေဝပ် ဧရိယာအတွင်း ကျရောက်သောကျေးရွာများ၏ ရွှေ့ပြောင်း ပြန်လည်နေရာချထားသည့် မိသားစုများ၏ လျှပ်စစ်မီး ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

   ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တမံဝဲဘက်ကမ်းရှုရပ်မှနေ၍ စီမံကိန်းဧရိယာအတွင်း ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေယူအဆောက်အဦဆောက်လုပ်နေမှု၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်နေမှု၊ စီမံကိန်းတွင်တပ်ဆင်အသုံးပြုမည့် စက်မှု၊ လျှပ်စစ်ပစ္စည်းများ သိုလှောင်ရုံဝင်းအတွင်း ထိန်းသိမ်းထားရှိမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

   အဆိုပါစီမံကိန်း၏ ပင်မရေလှောင်တမံမှာ ဇုန်အမျိုးအစား (ကျောက်ဖြည့်တမံ)ဖြစ်ကာ ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ ၆.၉၆ သိန်း ဧကပေ သိုလှောင်နိုင်ပြီး စက်တပ်ဆင်အင်အား (၃၇) မဂ္ဂါဝပ် ဓာတ်အားပေးစက်(၃)လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား (၁၁၁) မဂ္ဂါဝပ်ရှိ ကာတစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်နိုင်ပြီး ရခိုင်ပြည်နယ်ဒေသတွင်း လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ပို့လွှတ်ပေးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ စီမံကိန်း တစ်ခုလုံး၏ ၇၅.၆၄ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် ၇၆ ရာခိုင်နှုန်း ပြီးစီးမည် ဖြစ်ကာ ၂၀၂၅ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။      

Post under by : ဝန်ကြီးရုံး
26-Feb-2023