The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မတ် ( ၁ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited ၊ Yunnan Machinery and Equipment Import and Export Co., Ltd. တို့အကြား ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement-MOA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ် ၊ မတ်လ ၁ ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင်  နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီးရုံး၊  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited နှင့် Yunnan Machinery and Equipment Import and Export Co., Ltd. တို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က အဖွင့်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် လေအားလျှပ်စစ်စီမံကိန်းများအတွက် သဘောတူညီမှုစာချွန်လွှာအား လက်မှတ်ရေးထိုးနိုင်စေရန်အတွက် အဖက်ဖက်မှ ပူးပေါင်းဆောင်ရွက် ဝိုင်းဝန်းကူညီပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားရေးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်သည့်အခါ နိုင်ငံ၏ သဘာဝသယံဇာတအရင်းအမြစ်များကို မပျက်သုန်းစေအောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပြီး အကျိုးရှိရှိအသုံးချနိုင်ရေးအတွက် တာဝန်ယူစိတ်ဖြင့် စီမံခန့်ခွဲနိုင်ရန် လိုအပ်ပါကြောင်း၊ စွမ်းအင်ဖူလုံမှုသည် နိုင်ငံသားအားလုံးအတွက် အဓိက ကျပြီး စွမ်းအင်အရင်းအမြစ်များမှာ အကန့်အသတ်ဖြင့်သာ တည်ရှိနေပါကြောင်း၊ နိုင်ငံတော် မှလည်း သန့်ရှင်းသောစွမ်းအင်များကို အသုံးပြု၍ ဆောင်ရွက်ရန် မူဝါဒများချမှတ်ပြီး တွန်းအားပေးလျက်ရှိသည့်နည်းတူ ဝန်ကြီးဌာနအနေဖြင့်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် များဖြစ်သည့် ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယနေ့လက်မှတ်ရေးထိုး သည့် သဘောတူညီမှုစာချွန်လွှာမှာ လေအားလျှပ်စစ်စီမံကိန်း (၃)ခု ဖြစ်သည့် အမ်းလေအား လျှပ်စစ်စီမံကိန်း (၁၅၀ မဂ္ဂါဝပ်)၊ ဂွလေအားလျှပ်စစ်စီမံကိန်း (၁၀၀ မဂ္ဂါဝပ်)၊ သံတွဲ လေအား လျှပ်စစ်စီမံကိန်း (၁၁၀ မဂ္ဂါဝပ်)တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံသားပိုင် PRIMUS ၊ ဟောင်ကောင် အခြေစိုက် AED နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ YMEC တို့အနေဖြင့် MOA ကို လက်မှတ် ရေးထိုးပြီးနောက် ဆောင်ရွက်ရန်ကိစ္စများစွာရှိနေပါကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေရန် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တည်ဆဲဉပဒေ၊ နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ စီမံကိန်း (၃)ခုလုံးအား ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားကြရန် နှင့် စီမံကိန်း(၃)ခုအနက်မှ ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရေးအတွက် ကုမ္ပဏီများအနေဖြင့် အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai က အမှာစကားပြောကြားရာတွင် လျှပ်စစ်ကဏ္ဍ၌ ကမ္ဘာ့ အကြီးဆုံးဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် လိုအပ်သည့် လေစွမ်းအင်၊ နေစွမ်းအင်၊ ရေအားနှင့်သဘာဝဓာတ်ငွေ့အရင်းအမြစ်များ ပေါကြွယ်ဝသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအတွက် အထူးအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းလျှပ်စစ် ဓာတ်အားဖူလုံမှုနှင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိနိုင်ရေး ရည်မှန်းချက်များ ပြည့်မီစေရန် လျှပ်စစ်ကဏ္ဍတွင် ဆောင်ရွက်နေသည့် စီမံကိန်းများ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီများက ဆက်လက်ပူးပေါင်း ပါဝင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးတည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်းများဖြစ်သည့် အတွက် တရုတ်-မြန်မာ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ ခြေလှမ်းသစ် စတင်ခြင်းလည်းဖြစ်ပါကြောင်း၊ “Belt and Road” စီမံကိန်းများ မြှင့်တင်ရေးနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံများ တည်ဆောက်ရေးတွင် လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် အရေး ကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု ပမာဏသည် ကီလိုဝပ်နာရီ သန်း ၄၀၀ ထိ ရောက်ရှိနေပြီဖြစ်ကာ ကမ္ဘာ့လေစွမ်းအင်ထုတ်လုပ်မှု စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိပြီး ကမ္ဘာ့အဆင့်(၁) လေအားလျှပ်စစ် ထုတ်လုပ်သူအဖြစ် နှစ်ပေါင်းများစွာ ဆက်လက်ရပ်တည်လျက်ရှိပါကြောင်း၊ တရုတ်ကုမ္ပဏီ ကြီးများသည် လေအားလျှပ်စစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင့်ကျက်သည့် နည်းပညာများပိုင်ဆိုင်ထားပြီး အတွေ့အကြုံများစွာ ကြွယ်ဝသည့်အတွက် တရုတ်-မြန်မာ လေအားလျှပ်စစ် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းကြီး အောင်မြင်ပါစေကြောင်းနှင့် နှစ်နိုင်ငံအကြား လျှပ်စစ် ဓာတ်အားကဏ္ဍပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ကုမ္ပဏီများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် Yunnan Machinery and Equipment Import and Export Co., Ltd. (YMEC) ၏ Vice President ဖြစ်သူ Mr. Dong Fan က ကျေးဇူးတင်စကားပြောကြား၍ စီမံကိန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

   ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင်၊ Yunnan Machinery and Equipment Import and Export Co., Ltd. (YMEC) ၏ Vice President ဖြစ်သူ Mr. Dong Fan နှင့် Primus Advanced Technologies Limited (PRIMUS)၏ Managing Director ဖြစ်သူ ဦးကျော်လှဝင်းတို့မှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းများ ဆိုင်ရာသဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement-MOA)ကို လက်မှတ် ရေးထိုး၍ အပြန်အလှန် လဲလှယ်ကြကာ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

   ယနေ့ လက်မှတ်ရေးထိုးသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲ မြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းများသည် စုစုပေါင်း (၃၆၀ မဂ္ဂါဝပ်) ထုတ်လုပ်ပေး နိုင်မည့် ဒေသအကျိုးပြု စီမံကိန်းတစ်ခုဖြစ်ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
01-Mar-2023