The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မတ်လ ( ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၏ တောင်ဘက် မိုင်(၂၀)ခန့်အကွာ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာန၊ အမှတ်(၃) တည်ဆောက်ရေးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု  အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိပြီး စီမံကိန်းပုံစံငယ်အား ကြည့်ရှုစစ်ဆေးကာ ရှုရပ်မှနေ၍ ပင်မတမံ မြေကြီး/ကျောက်သား တူးဖော်ခြင်းနှင့် ခိုင်ခံ့မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက်စီမံကိန်းရှင်းလင်းဆောင်တွင် ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက် နှင့် တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးနေလင်းတို့က စီမံကိန်းဆိုင်ရာ အချက် အလက်များ၊ စီမံကိန်း၏ အဓိကလုပ်ငန်းကြီးများဖြစ်သည့် ရေလွှဲဥမင်လိုဏ်လုပ်ငန်း၊ မြစ်ရေ လွှဲခြင်းလုပ်ငန်း၊ ပင်မတမံလုပ်ငန်း၊ ရေပိုလွှဲလုပ်ငန်း၊ ရေယူအဆောက်အအုံလုပ်ငန်း၊ ရေသွယ် ဥမင်လိုဏ်လုပ်ငန်း၊ ဖိအားမြင့်သံမဏိပိုက်လိုင်းလုပ်ငန်း နှင့် ဓာတ်အားပေးစက်ရုံစသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ ကုမ္ပဏီတာဝန်ရှိသူက ပင်မတမံလုပ်ငန်းတွင် RCC ကွန်ကရစ်ဖျော်စပ်၊ သယ်ပို့ခြင်းလုပ်ငန်းဆောင်ရွက်မည့်အစီအမံများအား လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပင်မတမံ ကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်းများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်နိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးနှင့် ၂၀၂၅ ခုနှစ်၊မတ်လတွင် စတင်စမ်းသပ် ဓာတ်အားထုတ်လုပ်နိုင်ရေး အလေးအနက်ထား၍ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် သွားရန် မှာကြားခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်း ပင်မတမံလုပ်ငန်းခွင်တွင် RCC ကွန်ကရစ်သွန်းလောင်းရန်လိုအပ်သော စက်/ယာဉ်/ယန္တရား၊ စက်ပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေနှင့် RCC ပင်မတမံအတွက် အကြိုတည်ဆောက်မှု လုပ်ငန်းများဖြစ်သည့် အောက်ခံကွန်ကရစ်လုပ်ငန်း သွန်းလောင်းပြီးစီးမှုနှင့် တမံအုတ်မြစ်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ပင်မတမံသည် Roller Compacted Concrete (RCC) တမံအမျိုးအစားဖြစ်ပြီး အလျှား (၈၈၃)ပေ၊ အမြင့် (၃၃၅)ပေရှိပြီး RCC ကွန်ကရစ်ကျင်းပေါင်း (၁၈၀,၀၀၀) ကျော်ခန့် သွန်းလောင်းရမည်ဖြစ်ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလျား ၁၉၀ ပေ၊ အနံ ၁၂၆ ပေ၊ အမြင့် ၁၃၄ ပေရှိ ရေယူအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းခွင်အားသွားရောက်ပြီး ရေယူ အဆောက်အအုံ ကွန်ကရစ်သွန်းလောင်းနေမှု အခြေအနေနှင့် ရေသွယ်ဥမင်လိုဏ်၏ Transition Zone ကွန်ကရစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဓာတ်အားပေးစက်ရုံ၏ မြေကြီး/ကျောက်သားတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ၊ စုစုပေါင်းအလျား ( ၃၂၈၈ )  ပေနှင့် အချင်း (၄၁)ပေရှိ ရေသွယ်ဥမင်လိုဏ်နှစ်လုံးတို့၏ လိုင်နင်ကွန်ကရစ် သွန်းလောင်းပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်မှု၊ လျှပ်စစ်ပစ္စည်းများထားရှိသည့် ပစ္စည်းသိုလှောင်ရုံသို့ရောက်ရှိရာ သိုလှောင်ရုံဝန်း အတွင်း စက်ပစ္စည်းများရောက်ရှိနေရာချထားမှု၊ ထိန်းသိမ်းထားရှိမှုအခြေအနေများအား  ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင် ရေလှောင် တမံတည်ဆောက်ပြီး (၇၀)မဂ္ဂါဝပ်ရှိ ဒေါင်လိုက်ဖရန်စစ်တာဘိုင်အမျိုးအစား  ဓာတ်အားပေး စက်(၄)လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား (၂၈၀) မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၁၄၀၉) သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်မှ တစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော စီမံကိန်းဖြစ်ပါသည်။ တည်ဆောက်မည့် ပင်မတမံအမျိုးအစားမှာ RCC ကွန်ကရစ်တမံဖြစ်ပြီး မြန်မာနိုင်ငံတွင် တတိယမြောက် တည်ဆောက်မည့် RCC ကွန်ကရစ် တမံဖြစ်ပါသည်။ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ (၅၃ ဒသမ ၂၂) ရာခိုင်နှုန်း တည်ဆောက် ပြီးစီးနေပြီဖြစ်ပါသည်။

   ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ပြည်နယ်/ခရိုင်/ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ မြို့လျှပ်စစ်မှူးများ၊ မဟာဓာတ်အားလိုင်းမှူး၊ ဓာတ်အားခွဲရုံမှူးနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းမှ ဓာတ်အားများရရှိလာပါက ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက် ထားရန်လိုအပ်ကြောင်း၊ သတ်မှတ်ဘတ်ဂျက်ကာလအတွင်း လုပ်ငန်းများအမြန်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေး သတိရှိရန်နှင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ရုံးအဆောက်အဦနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အလေးထားဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
07-Mar-2023