The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မတ်လ (၁၂ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် သုံးစွဲရရှိနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ်ပါဝင်မှု အချိုးအစား (Generation Mix) မှန်ကန်စေရေး အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အားများကို အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရခိုင်ပြည်နယ်၊ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် လေစွမ်းအင်မှ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မည့် ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှု ဆောင်ရွက်နိုင်ရန် လေတိုက်နှုန်းတိုင်းကိရိယာ(Anemometers)  စိုက်ထူထားသော ဂွလေအား လျှပ်စစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါ သည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များအား  ကုမ္ပဏီမှတာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်းရှိ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် လေအားလျှပ်စစ်စီမံကိန်းများဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းနေရာများ၏ လေစွမ်းအင်အရင်းအမြစ် တိုင်းတာ ရရှိမှုအခြေအနေများ၊ လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး အကြိုစူးစမ်း လေ့လာမှုပြုလုပ်ခဲ့သည့် အခြေအနေများ၊ ဂွလေအားလျှပ်စစ်စီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည့်အစီအမံများနှင့် ဓာတ်အားလိုင်းများ သွယ်တန်း တည်ဆောက်သွားမည့် အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လေအားလျှပ်စစ်ဆိုင်ရာစက်ပစ္စည်းကိရိယာများ စီမံကိန်းလုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်ရာတွင် လုံခြုံစိတ်ချ၍ ခံနိုင်ရည်ရှိစေရေး၊ စီမံကိန်း ချဉ်ကပ်လမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်၊နောင်တွင် ထပ်မံဆောင်ရွက်ရန် အလားအလာရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနေရာများရှိသည့်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ခြင်းများကိုလည်း ကြိုတင်မျှော်မှန်းပြီး စီမံဆောင်ရွက်သွားရန်၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ထုတ်လုပ်မှုနှင့် သယ်ယူနိုင်မှုတို့ကို ဟန်ချက်ညီဆောင်ရွက်သွားရန်၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီအနေဖြင့်  သတ်မှတ်ထားသည့် အချိန်များအတိုင်း လျှပ်စစ်ဓာတ်အားထွက်ရှိအောင် စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စီမံကိန်းဆောင်ရွက်နိုင်ရန် သယ်ယူပို့ဆောင်နိုင်ရေး၊ စီမံကိန်းဧရိယာ မြေငှားရရှိနိုင်ရေး၊ ချဉ်ကပ်လမ်းဖောက်လုပ်နိုင်ရေးတို့အား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းဆောင်ရွက်ရာတွင် ဆောင်ရွက်ရန်ရှိသည်များကို တချိန်တည်း တပြိုင်တည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်သည့်လုပ်ငန်းများကိုလည်း နှစ်ရှည်အသုံးပြုနိုင်ရန် ဆောင်ရွက်သကဲ့သို့ ဒေသခံလူထုအခြေပြု စီမံကိန်းများ(CSR)ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးများကိုလည်း ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ရခိုင်ဒေသ အရင်းအမြစ်များတွင် လေအားနှင့် ထုတ်လုပ်သည့် အရင်းအမြစ်များရှိသဖြင့် ဆက်လက်တိုးချဲ့နိုင်ရန် စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော  လေအားလျှပ်စစ် စီမံကိန်း ဖြစ်၍အမြန်ဆုံး ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက် သွားရန်လိုအပ်ပါကြောင်းတို့အား မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အချက်အလက်များ စုဆောင်းနိုင်ရေးအတွက် လေတိုက်နှုန်းတိုင်း ကိရိယာများ (Anemometers) တပ်ဆင်၍ လေတိုက်နှုန်းရလာဒ်များ မှတ်တမ်းရယူနေမှု အခြေအနေနှင့် အကြိုစူးစမ်းလေ့လာမှု ပြုလုပ်ထားသည့်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ လေတိုက်နှုန်းတိုင်းကိရိယာများ (Anemometers) ကို စီမံကိန်းဆောင်ရွက်မည့် အမ်းမြို့နယ်တွင် (၂)တိုင်၊ ဂွမြို့နယ်တွင် (၁)တိုင်၊ သံတွဲမြို့နယ်တွင် (၁)တိုင် စုစုပေါင်း (၄) တိုင်ကို ၂၀၁၆ ခုနှစ်မှ စတင်တပ်ဆင်ကာ လေတိုက်နှုန်းရလာဒ်များကို (၆)နှစ်စာ မှတ်တမ်း ရယူထားပြီးဖြစ်ပါသည်။

   အဆိုပါ ဂွလေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သည့် Primus Advanced Technologies Limited (PRIMUS)နှင့် ဟောင်ကောင်အခြေစိုက် Asia Ecoenergy Development Limited (AED)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yunnan Machinery and Equipment Import and Export Co., Ltd. ကုမ္ပဏီ(၃)ခုတို့မှ ပူးပေါင်းပြီး ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ တပ်ဆင်စက်အင်အား ၁၀၀ မဂ္ဂါဝပ်ဖြင့် တည်ဆောက်မည်ဖြစ်ကာ တစ်နှစ်ထုတ်လုပ်နိုင်မှု ဓာတ်အားမှာ ၂၂၇.၂ ကီလိုဝပ် နာရီသန်းပေါင်း ရရှိမည်ဖြစ်ပါသည်။ ဂွလေအားလျှပ်စစ်စီမံကိန်း၏  ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် သဘောတူညီမှုစာချွန်လွှာ (MOA) လက်မှတ်ရေးထိုးခဲ့သော ကုမ္ပဏီ(၃)ခုမှ ပူးပေါင်း ၍ လေအားလျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်း(၃)ခုဖြစ်သည့် အမ်းလေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွလေအားလျှပ်စစ် စီမံကိန်း ၁၀၀ မဂ္ဂါဝပ်နှင့် သံတွဲလေအားလျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ် တို့သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ဆောင်ရွက်မည့် လေအားလျှပ်စစ် စီမံကိန်းများဖြစ်ကာ  ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်အောင် ဆောင်ရွက် သွားမည်ဖြစ်ပြီး ထွက်ရှိလာမည့် ဓာတ်အားများကို ၂၃၀ ကေဗွီဓာတ်အားလိုင်းဖြင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  လေအားလျှပ်စစ်ထုတ်လုပ်ချိန်တွင် ဓာတ်အားလက်ခံပြီး ဆက်လက်ပို့လွှတ်ဖြန့်ဖြူးမည့် ဂွမြို့ရှိ ၆၆/၁၁ ကေဗွီ (၁၀အမ်ဗွီအေ) ဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ခွဲရုံအတွင်း တိုးချဲ့တည်ဆောက်မည့် စီမံကိန်းနေရာများအား ကြည့်ရူ့စစ်ဆေးခဲ့ပါသည်။ ထို့နောက် ဂွမြို့နယ်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ဝန်ကြီးဌာန၏ စီမံဆောင်ရွက်နေမှုအခြေအနေ၊ လက်ရှိဓာတ်အား ဖြန့်ဖြူးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်ပေးပြီး ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။                                         

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိန္တလီမြို့အနီးရှိ ကျိန္တလီချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ အကြိုဖြစ်မြောက်နိုင်စွမ်း ရေအရင်းအမြစ် စူးစမ်းလေ့လာတိုင်းတာနေသည့် ကျိန္တလီချောင်းသို့ ရောက်ရှိရာ ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့်အမှတ်(၄) တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းတို့က ကျိန္တလီချောင်း ရေအား အရင်းအမြစ်ဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  ကျိန္တလီ ချောင်း အကြိုဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာတိုင်းတာမှုများအား အထူးဂရုပြု၍ လေ့လာ တိုင်းတာဆောင်ရွက်သွားရန်နှင့် ရရှိလာသော အချက်အလက်များပေါ်မူတည်၍ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းအား အသေးစိတ် ဆက်လက်လေ့လာဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ကျိန္တလီချောင်း စူးစမ်းတိုင်းတာနေသော ဝန်ထမ်းများအား လမ်းညွှန်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
12-Mar-2023