The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 

၂၀၂၃ ခုနှစ်၊ ဧပြီလ ( ၃ ) ရက်

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာန တို့အကြား မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက် လက်မှတ် ရေးထိုးခြင်းအခမ်းအနားနှင့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုပြုလုပ်ရန် Consortium of PISASAI Energy and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited သို့ပေးအပ်မည့် Notice to Proceed (NTP) လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို ၂၀၂၃ ခုနှစ် ၊ ဧပြီလ ၃ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင်  နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာကံဇော်၊ ဒေါက်တာ သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီ၊ ဦးသောင်းဟန်၊ ဦးမျိုးမြင့်ဦးနှင့် ဦးအောင်နိုင်ဦး၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဖိုစေးစရာစုံ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ လာအိုဒီမိုကရက်တစ် သမ္မတနိုင်ငံ PISASAI Energy and Mine Investment Pte. Ltd. နှင့် Primus Sapphire Power Company Limited တို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

   ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ-လာအို နှစ်နိုင်ငံတို့သည် အာဆီယံနှင့် ဂျီအမ်အက်စ် အဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များတွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၅-၁-၂၀၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ၏ (၅)နှစ် တာကာလအတွင်း PISASAI and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ နှစ်နိုင်ငံ ဓာတ်အားကွန်ရက် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်/ ရောင်းချနိုင်ရေး စီမံကိန်းအတွက် သိသာထင်ရှားသည့် လုပ်ငန်းတိုးတက် မှုများ လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံဓာတ်အား ဝယ်ယူ/ရောင်းချရေးတွင် ကုမ္ပဏီ (၂) ခုအပြင် အစိုးရများအနေဖြင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လာအိုပြည်သူ့ ဒီမို ကရက်တစ် သမ္မတနိုင်ငံ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာနတို့အကြား လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်မှု များစွာရှိခဲ့ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နောက်ထပ်(၅)နှစ်သက်တမ်း တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အား (၆၀၀)မဂ္ဂါဝပ်အထိ သွယ်တန်းနိုင်ရေး စီမံကိန်းများ ဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းနှင့် မဲခေါင်မြစ်ရေအားလျှပ်စစ်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ပူးပေါင်းဆောင်ရွက် ကြမည်ဖြစ်ပါကြောင်း၊ စီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်အား ဆက်လက်ဆောင်ရွက်ပြီးနောက် နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို ၂၀၂၄ ခုနှစ် တွင် ကျိုင်းတုံမြို့အထိ လည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့ အထိလည်းကောင်း ရောက်ရှိနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား တိုးတက် ရရှိရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

   ဆက်လက်ပြီး လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ စွမ်းအင်နှင့်သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဖိုစေးစရာစုံက အမှာစကားပြောကြားရာတွင် လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့တွင် ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် Joint Working Committee (JWC) အစည်းအဝေးနှင့် (၆)ကြိမ်မြောက် Joint Working Group (JWG) အစည်းအဝေးများမှနေ၍ မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နောက်ထပ် (၅)နှစ် သက်တမ်းတိုးမြှင့်ရန် သဘောတူညီခဲ့ကြပါကြောင်း၊ အဆိုပါ နားလည်မှု စာချွန်လွှာတွင် နိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းနှင့် ရေအားလျှပ်စစ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များပါဝင်ပါကြောင်း၊ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ချစ်ကြည်ရေးနှင့် ကဏ္ဍစုံ လက်တွဲဆောင်ရွက်ရေး လုပ်ငန်း စဉ်များကို ဆက်လက် အရှိန်မြှင့်တင်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကမကထပြုလုပ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဖိုစေးစရာစုံ တို့မှ မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက် (MOU Amendment) ကို လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြပါသည်။ ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူး ချုပ် ဦးစိုးမြင့်၊ PISASAI Energy and Mine Investment Pte. Ltd. ၏ ဒုတိယမန်နေဂျင်း ဒါရိုက်တာ Mr. Shen DECAI နှင့် Primus Sapphire Power Company Limited အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်လှဝင်းတို့က Notice to Proceed (NTP) ကို လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြပါသည်။

   လက်မှတ်ရေးထိုးကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဖိုစေးစရာစုံတို့မှ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန် အလှန် လဲလှယ်ကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

   ညပိုင်းတွင် ဂုဏ်ပြုညစာစားပွဲအခမ်းအနားဖြင့် တည်ခင်းဧည့်ခံခဲ့ပါကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
03-Apr-2023