၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ထိုသို့စီမံဆောင်ရွက်နေသော်လည်း ယခုကာလများတွင် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူးလျက်ရှိပါသည်။
၂။ ထို့သို့ဆောင်ရွက်နေသည့်ကာလတွင် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူး ပေးလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးမှုများ ရည်ရွယ်ချက် ရှိရှိဖြင့် ပြုလုပ်လျက်ရှိရာ ၄-၄-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာရှိ ၂၃၀/၃၃/၁၁ ကေဗွီ ၁၆၀ အမ်ဗွီအေ သာယာကုန်းပင်မဓာတ်အားခွဲရုံအား ဒရုန်းဖြင့် ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့ဝန်ထမ်း (၂) ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ (၁) ဦးသေဆုံးကာ၊ ဓာတ်အားခွဲရုံအတွင်းရှိ ရဲနွယ်၊ ရွှေကျင်၊ ကွန်းကျောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အား (၅၅) မဂ္ဂါဝပ်ကို ဓာတ်အားလိုင်းများနှင့် ချိတ်ဆက် ဖြန့်ဖြူးပေးလျက်ရှိသည့် ထရန်စဖော်မာများနှင့် ဓာတ်အားခွဲရုံသုံး ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ပါသည်။ အဆိုပါ ထိခိုက်ပျက်စီးခဲ့မှုကြောင့် နိုင်ငံတော် ဓာတ်အားစနစ်တစ်ခုလုံး (၂၁:၁၉) နာရီချိန်ခန့်တွင် ဓာတ်အားပြတ်တောက်ခဲ့ရပြီး ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပြန်လည်ရရှိရေး အမြန်ဆုံးဆောင်ရွက်ခဲ့ရာ ၅ - ၄ - ၂၀၂၃ ရက်၊ (၀၀:၄၉) နာရီတွင် ဓာတ်အားစနစ်သို့ ဓာတ်အားပုံမှန်ပြန်လည်ပို့လွှတ်ချိတ်ဆက်နိုင်ခဲ့ပါသည်။
၃။ သို့ပါ၍ ယနေ့အချိန်ထိ NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ရည်ရွယ်ချက်ရှိရှိဖြင့် အများပြည်သူသို့ လျှပ်စစ် ဓာတ်အားဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့်အကြိမ် ပေါင်း(၂၂၉)ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်လည်း လုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်းကာ ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန