နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ ဧပြီလ ( ၆ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃)နှင့် ဦးစီးအရာရှိ(အင်ဂျင်နီယာ)များ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ(၆)ရက်နေ့၊ နံနက် ( ၀၉: ၃၀ ) နာရီ အချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က သင်တန်းဆင်း အမှာစကား ပြောကြားရာ၌ ယနေ့ခေတ်တွင် အသိပညာအခြေပြု (Knowledge Based) ဝန်ထမ်းကောင်းများ ရရှိရေးသည် မရှိမဖြစ် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ အသိပညာ၊ အတတ်ပညာ တိုးပွားစေရန် အရည်အချင်းမြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းသည် အသိပညာ၊ အတတ်ပညာ ပြည့်စုံမှုအပြင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို လိုလားခြင်းနှင့် သစ္စာ စောင့်သိခြင်းတို့ကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဦးချင်း တစ်ယောက်ချင်း၊ အဖွဲ့အစည်းများအလိုက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု (Human Resources Development- HRD)သည် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက် ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ထမ်းများ၏ အရည် အချင်းများ တိုးတက်စေရန် နိုင်ငံခြားသို့ ပညာသင်စေလွှတ်ခြင်း၊ နိုင်ငံတကာ နည်းပညာ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများသို့ တက်ရောက် စေခြင်းတို့အပြင် ပြည်တွင်း၌လည်း အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ အရည် အသွေးမြှင့် သင်တန်းများ ဖွင့်လှစ်ပေးခြင်းအပြင် အခြားဌာနများမှ ဖွင့်လှစ်သည့် သင်တန်း များသို့ တက်ရောက်သင်ကြားစေခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်ပြီးခဲ့သည့် သင်တန်းသားများအနေဖြင့်လည်း သင်တန်းက သင်ကြားပေးခဲ့သည့် ဘာသာရပ်များနှင့် ယခင်ရှိပြီးသော လုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတများ ပေါင်းစပ်၍ ရှာဖွေစုဆောင်း လေ့လာသင်ယူနိုင်စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှုစသည့် အရည်အချင်းများနှင့်အတူ ကျွမ်းကျင်မှုအရည်အသွေးကောင်းများကို ပိုင်ဆိုင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အသုံးချ၍ လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ ဦးစီးအရာရှိ (အင်ဂျင်နီယာ)များ မွမ်းမံသင်တန်းကိုလည်း လျှပ်စစ် ကဏ္ဍဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသည့် မျိုးဆက်သစ်အင်ဂျင်နီယာများ ပေါ်ထွက်လာစေရန်နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်အား သယ်ပို့လိုင်းနှင့် ဓာတ်အားခွဲရုံ၊ တည်ဆောက်ရေးလုပ်ငန်းနှင့် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တို့တွင် ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းသိမ်းမောင်းနှင် တာဝန်ထမ်းဆောင်နိုင်သည့် အရည် အချင်းများ ပြည့်ဝစေရန်၊ ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာများ နားလည်စေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ တွက်ချက်မှုများ နားလည်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းကရရှိခဲ့သည့် အတွေ့ အကြုံများကို လက်တွေ့ လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချဆောင်ရွက်ပြီး နည်းပညာနှင့် ဗဟုသုတများကို ဆက်လက် ဆည်းပူးလေ့လာကြရန်နှင့် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်း၊ စေတနာကောင်းအပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ၏ ထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း ၊ ဒုတိယဝန်ကြီးက ဦးစီးအရာရှိ(အင်ဂျင်နီယာ)များ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ၏ ထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း သင်တန်းသားများထံ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။