The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇွန်လ ( ၁၆ ) ရက်

   ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ဇွန်လ ၁၅ ရက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် ၂၀၂၃ (SPIEF'23) ဒုတိယနေ့ အခမ်းအနား သို့ တက်ရောက်ခဲ့ကြပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးတို့သည် မကွေးတိုင်းဒေသကြီးအတွင်း မင်းလှ(၁၁၆ မဂ္ဂါဝပ်) နှင့် မင်းတုန်း (၅၆ မဂ္ဂါဝပ်) လေအားလျှပ်စစ်စီမံကိန်းများကို ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု လုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် Nova Wind JSC ၊ Primus Advanced Technologies Ltd. တို့ ပူးပေါင်းမှု နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MOU) လက်မှတ်ရေးထိုး သည့် အခမ်းအနားသို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ပန်းတောင်း မြို့နယ် နှင့် ညောင်ဦးမြို့နယ်တို့တွင် ပုပ္ပါး (၂၀၀ မဂ္ဂါဝပ်) လေအားလျှပ်စစ်စီမံကိန်းများကို ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Nova Wind JSC ၊ Zeya & Associates Co.,Ltd. တို့ ပူးပေါင်းမှု နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MOU)တို့အား လည်းကောင်း အသီးသီးလက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Rosatom ၏ ညွှန်ကြားရေးမှူးချုပ် Mr.Alexey Likhachev နှင့်‌တွေ့ဆုံ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ယခုထက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။

   မွန်းလွဲပိုင်း၊ ဒေသစံတော်ချိန် ၁၂:၃၀ နာရီ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဉက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဝန်ကြီး H.E.Mr.Maxim Reshetnikov Likhachev အဖွဲ့တို့နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းများ ဆက်လက်တိုးတက်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

   ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် Roscongress ၏ CEO Alexander Shatirov နှင့်‌တွေ့ဆုံ၍ နေရောင်ခြည်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

   ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဝန်ကြီး၊ H.E.Mr.Maxim Reshetnikov Likhachev မှ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝင်းရှိန်၊ အဖွဲ့ဝင်အဖြစ်ပါဝင်သော ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
16-Jun-2023