၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ( ၂၇ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အထက်ပေါင်းလောင်းနှင့် နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများ၏ ရေသိုလှောင်ထားရှိမှု အခြေအနေများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော် ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှု အခြေအနေ၊ တာဘိုင်စက်ခန်းအတွင်း စက်များမောင်းနှင်နေမှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေဝင် ရောက်မှု၊ ရေသိုလှောင်ထားရှိမှုအခြေအနေများနှင့် ရေယူအဆောက်အအုံ၊ ရေပိုလွှဲ၊ RCC ကွန်ကရစ်တမံကြံ့ခိုင်မှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင်သို့ရောက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဓာတ်အားပေးစက်ရုံများဆိုင်ရာ အချက်အလက်များ၊ နှစ်အလိုက်ဓာတ်အားထုတ်လုပ်မှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ လက်ရှိရေသိုလှောင် ထိန်းသိမ်းထားရှိမှု၊ နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများအား လည်းကောင်း၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ရေလှောင်တမံ ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် တမံ၏ကြံ့ခိုင်မှုရှိစေရေး စစ်ဆေးစောင့်ကြပ်ကြည့်ရှု နေမှုအခြေအနေများအား လည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့ကြပါသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ လာမည့်နွေရာသီ ကာလတွင် လျှပ်စစ်ဓာတ်အားစွမ်းအားပြည့်ထုတ်လုပ်နိုင်ရန်အတွက် လက်ရှိအခြေအနေ တွင် စက်များ ရပ်ပြီး ရေစုဆောင်းနေသောကြောင့် တစ်ချိန်တည်း တစ်ပြိုင်တည်း စက်များနှင့် ရေလှောင် တမံများ၏ ပြင်ဆင်ရေး၊ ကြံ့ခိုင်ရေးတို့ကို ဟန်ချက်ညီ ပြုလုပ်သွားရန် လိုအပ်ပါကြောင်း၊ စက်များစွမ်းအားပြည့် လည်ပတ်ချိန် ကာလရောက်ရှိချိန်မှ စက်များအား ပြင်ဆင်ရခြင်းမျိုး မဖြစ်ရလေအောင် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများကို အသင့်ကြိုတင်စုဆောင်းထားရှိရန် လိုအပ် ပါကြောင်း၊ ထိုသို့ထားရှိခြင်းဖြင့် စက်များစွမ်းအားပြည့် မောင်းနှင်ချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ချို့ယွင်းပါက အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်မည်ဖြစ်သောကြောင့် အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများကိုလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ချိန်၌ အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ယခုကဲ့သို့ ရေစုဆောင်းနေသောကာလတွင် အလှည့်ကျ အနားယူနိုင်ရေး ခွင့်များဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် ဌာနပိုင်မြေအဖြစ် ဆောင်ရွက်ရန် ကျန်ရှိသည့် သစ်တော ကြိုးဝိုင်းမြေ ၅၉၀ ဧကကိုလည်း ပြီးပြတ်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အထက်ပေါင်းလောင်းသို့သွားသည့် ကွန်ကရစ်လမ်းနှင့် ကျောက်ခင်းလမ်းများကို ရာသီမရွေး သွားလာနိုင်အောင် မပျက်စီးစေရေး ထိန်းသိမ်းစောင့်ရှောက် ပြုပြင်သွားရန် လိုအပ်ပါကြောင်းတို့အား မှာကြားခဲ့ပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ကာ ဝန်ထမ်းများနှင့်အတူ နေ့လည်စာအတူသုံးဆောင်ပြီး ဝန်ထမ်းများအား မိမိတို့၏ လုပ်ငန်းတာဝန်များအပေါ် ပြည်သူသို့ ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်သည့် အလျောက် စေတနာထား၍ တာဝန်ထမ်းဆောင်ကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ရေထိန်းတမံနှင့် ရေယူအဆောက်အအုံသို့ ရောက်ရှိပြီး ရေဝင်ရောက်မှု၊ ရေသို လှောင်ထားရှိမှု၊ ရေထိန်းကန်အတွင်း ရေဝင်ရောက်မှုအခြေအနေများနှင့် ဓာတ်အားပေး စက်ရုံသို့ ဖိအားမြင့် သံမဏိပိုက်လိုင်းဖြင့် ရေပို့လွှတ်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နန်ချိုရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံသို့ ရောက်ရှိပြီး ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင် စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
၎င်းနောက် စက်ရုံအစည်းအဝေးခန်းမတွင် ဓာတ်အားပေးစက်ရုံမှူးမှ စက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်ပေးနေမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသော ဓာတ်အားပေးစက်များ ရေရှည်ထုတ်လုပ်နိုင်ရန်အတွက် စက်များ၏ ကြံ့ခိုင်ရေးအား စဉ်ဆက်မပြတ်စောင့်ကြည့်ပြုပြင်သွားရန်နှင့် စက်များကိုပြုပြင်ရာတွင်လည်း ဓာတ်အားထုတ်လုပ်မှု အရှိန်အဟုန်မပြတ်စေရန် စက်(၁)လုံးစီ အလှည့်ကျပြုပြင်သွားရန်နှင့် ထိုသို့ပြုပြင်နိုင်ရေး စက်အရန်ပစ္စည်းများကို အသင့်စုဆောင်းထားရှိရန် လိုအပ်ပါကြောင်း၊ စက်ရုံအတွင်းရှိ လမ်းများနှင့် အဆောက်အဦများကိုလည်း ပျက်စီးမှုမရှိစေရေး အမြဲမပြတ် ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုအပ်ပါကြောင်း၊ စက်ရုံ၏လုံခြုံရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်၍ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းသွားရန် လိုအပ်ပါ ကြောင်းတို့အား မှာကြားခဲ့ပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ဝန်ထမ်းများအား တာဝန်ထမ်းဆောင်မှုများနှင့် ပတ်သက်၍ လိုက်နာရန်ကိစ္စရပ်များအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။