The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံ နှင့် မိတ္ထီလာ သပြေဝ (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည့်သတင်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (  ၂  )ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်ဓာတ်အားပေးစက်ရုံနှင့် မိတ္ထီလာ သပြေဝ(၃၀)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အား ထုတ်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား  ဓာတ်အားပေးစက်ရုံမှ တာဝန် ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာအချက်အလက်များ၊  နိုင်ငံတော်ဓာတ်အားစနစ် သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများထုတ်လုပ်ပေးနေမှုနှင့် ဓာတ်အားပေးစက်ကြီးများ မောင်းနှင်နေမှုအခြေအနေ များကိုရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။

   တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်၏ ညွှန်ကြားချက် နှင့်အညီ စက်ရုံအသစ်များ တည်ဆောက်ခြင်းမပြုနိုင်မီကာလတွင် လက်ရှိတည်ဆောက်ပြီး စက်ရုံ၊အလုပ်ရုံများကို ပြုပြင်ထိန်းသိမ်းပြီး စွမ်းအားပြည့်ထုတ်လုပ်နိုင်အောင် ဆောင်ရွက် ခြင်းဖြင့် နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားကို အမြန်ကူညီ ဖြည့်ဆည်းနိုင်မည်ဖြစ်သဖြင့် ရေရှည်လည်ပတ်ဆောင်ရွက်သွားနိုင်ရန်အတွက် ကြိုးစား ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ မီဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစဉ်တစိုက် ဂရုပြုဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ စက်များချို့ယွင်းမှုရှိပါက လိုအပ်သောအချိန်တွင် အချိန်နှင့်တပြေးညီ ပြင်ဆင်နိုင်ရေးအတွက် စက်အရန်ပစ္စည်းများကို စနစ်တကျ စုဆောင်း ထားရန်လိုအပ်ပါကြောင်း၊ ၄င်းအပြင် စက်ရုံ၏လုံခြုံရေးကိုလည်း အမြဲဂရုတစိုက် ဆောင်ရွက် နေရန်လိုအပ်ပါကြောင်းတို့အား မှာကြားခဲ့ပြီး  ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော် ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများထုတ်လုပ်ပေးနေမှုနှင့် ဓာတ်အားပေး စက်ကြီးများမောင်းနှင်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို  မှာကြားခဲ့ပါသည်။

   အဆိုပါ ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘဲလင်းဒေသတွင်တည်ရှိပြီး Independent Power Producer (IPP), Build-Operate-Own(BOO) စနစ်ဖြင့် PowerGen Kyaukse Co.,Ltd. မှ ၂၀၁၈ ခုနှစ်၊ မေလတွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စီးပွားဖြစ်ဓာတ်အားစတင်ထုတ်လုပ်ခဲ့ပါသည်။ ဓာတ်အား ပေးစက်ရုံ၏ စက်တပ်ဆင်အင်အား (၁၄၇.၇၆) မဂ္ဂါဝပ်ဖြစ်ပြီး နှစ်စဉ်ပျှမ်းမျှ ကီလိုဝပ်နာရီ သန်းပေါင်း(၁၀၂၀)သန်းကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ၂၃၀ ကေဗွီ ဘဲလင်းပင်မဓာတ်အား ခွဲရုံမှတစ်ဆင့့် ဓာတ်အားများ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည် မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ Clean Power Energy Co.,Ltd သပြေဝ (၃၀)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံသို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ကုမ္ပဏီမှ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာအချက်အလက်များ၊ မြို့ပြပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ Tracking System အသုံးပြုပြီး Solar Panel များတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် သပြေဝဓာတ်အားခွဲရုံသို့ ဓာတ်အား ပို့လွှတ်နိုင်ရန် ဓာတ်အားလိုင်းများတည်ဆောက်ခဲ့ရမှု အခြေအနေများအား ရှင်းလင်း တင်ပြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး  ဒေါက်တာ ဝင်းမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။

   တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးကမှာကြားရာတွင် သပြေဝ နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီသပြေဝ ပင်မဓာတ်အားခွဲရုံအကြား ချိတ်ဆက်ထားသည့် ဗို့အားမြင့်ဓာတ်အားလိုင်း သတ်မှတ်နယ်နိမိတ်အတွင်း လူနေအိမ်များ၊ အဆောက်အဦးများ၊ ကျူးကျော်များ ရှိမလာစေရေး ကန့်သတ်နယ်နိမိတ်အား သိရှိ လိုက်နာစေရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သပြေဝ(၃)နှင့် သာစည် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီစီးစေရေး တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြန်ပြည့်မြဲ စွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံးဆိုလာစီမံကိန်းများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်သည့်အတွက် ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စက်ရုံဝန်းကျင်ရှိ ကျေးရွာများအား လူမှုရေးတာဝန်သိတတ်မှု(CSR) လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း တို့အားမှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများထုတ်လုပ်ပေးနေမှု အခြေအနေများနှင့် စက်ရုံဧရိယာအတွင်း Tracking System အသုံးပြုပြီး Solar Pannal များ တပ်ဆင်ထားမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြားခဲ့ပါသည်။

   မိတ္ထီလာ သပြေဝ(၃၀)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးတွင် Clean Power Energy (CPE) Co.,Ltd မှ BOO (Build Operate Own) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  စက်တပ်ဆင်အင်အားမှာ (၃၀) မဂ္ဂါဝပ် ဖြစ်ကာ တစ်နှစ်လျှင်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၇၀.၅၉၉)သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို  33 KV Double Circuit Overhead Line ဖြင့် သပြေဝပင်မဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
03-Sep-2023