The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ  ( ၉ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်းရေထိန်းဆည်(Wier)တွင်  Hydromatrix စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေနှင့် ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ ရေသိုလှောင်ထားရှိမှု အခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်း ရေထိန်းဆည်သို့ရောက်ရှိရာ တာဝန်ရှိသူများက  Hydromatrix စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး Feasibility Study ဖြစ်မြောက်နိုင်စွမ်း လေ့လာထားမှုအခြေအနေများနှင့်  ပတ်သတ်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးသည် ပေါင်းလောင်းရေထိန်းဆည် အတွင်းရေဝင်ရောက်မှု၊ ရေထိန်းသိမ်းထားရှိမှုအခြေအနေတို့အား ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဓာတ်အားပေးစက်ရုံ ဆိုင်ရာအချက်အလက်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေများ၊ နှစ်အလိုက် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေတို့အားလည်းကောင်း၊ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းလောင်းမြစ်ပေါ်ရှိ အဆင့်ဆင့်ရေအားလျှပ်စစ်စီမံကိန်းများမှ ဓာတ်အားထုတ်လုပ်နိုင်မှု အခြေအနေများနှင့် ပေါင်းလောင်းရေလှောင်တမံမှ ရေပိုလွဲတွင်ဂိတ်တံခါးတပ်ဆင်၍ ရေထပ်မံစုဆောင်းနိုင်ပြီး လျှပ်စစ် ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးကမှာကြားရာ၌ ဓာတ်အားပေးစက်(၄)လုံးအား အလှည့်ကျပြင်ဆင်နိုင်ရေး စက်အရံပစ္စည်းများအား ဘဏ္ဍာရေးနှစ်(၁)နှစ် ကြိုတင်လျာထား၍ ဝယ်ယူရေး ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ Switch Yard တွင် ဖီဒါအရံဓာတ်အားလိုင်းမရှိသဖြင့် ပြင်ဆင်နိုင်ရေး ဆောင်ရွက်ရပါက လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေးအတွက် ဖီဒါအရံ ဓာတ်အားလိုင်း(၁)လိုင်းထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအား လိုက်နာ၍ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံနှင့် ရေလှောင်တမံ၏ လုံခြုံရေးကို အမြဲဂရုပြု ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ကြီးဌာနများ၏ ကိန်းဂဏန်းများမှန်ကန်မှသာ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့အားလုံး နှင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ကိန်းဂဏန်းများ မှန်မှန်ကန်ကန်ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် ညွှန်ကြားထားသဖြင့် ထပ်ဆင့်မှာကြားခြင်းဖြစ်ပါကြောင်း၊  နိုင်ငံသားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှသာ နိုင်ငံ၏ပုံရိပ် ကောင်းမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည် ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာ၌ လွဲချော်မှုမရှိစေရေး ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျွမ်းကျင်ကျင် နားလည်ပြီး လိုက်နာကျင့်သုံးနိုင်အောင် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်း ဆောင်ရွက်မှုများအပေါ် စေတနာထား၍ လုပ်ဆောင်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ပါကြောင်း စသည်ဖြင့်မှာကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အား ထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော် ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်က ပေါင်းလောင်းတမံ ရေပိုလွှဲတွင် Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲတွင် ရေပိုမိုစုဆောင်းနိုင်ရန် ဂိတ်တံခါး တပ်ဆင်မည့်အခြေအနေနှင့် တမံ၏ကြံ့ခိုင်မှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
09-Sep-2023