နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ ( ၁၅ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အငယ်တန်းအင်ဂျင်နီယာ(၂)များ လုပ်ငန်းခွင်ဝင်မွမ်းမံ သင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်ပြီးစီးခဲ့သည့်သင်တန်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် အငယ်တန်းအင်ဂျင်နီယာ(၂) ဝန်ထမ်း(၄၉)ဦးအား မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များကို စာတွေ့၊လက်တွေ့၊ လေ့လာရေးခရီးစဉ်များနှင့်အတူ (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် ဓာတ်အားပေးစက်ရုံများကို ထိန်းသိမ်းမောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်း၊ ဘဏ္ဍာရေးဆိုင်ရာ၊ ပစ္စည်းဖြည့်တင်းရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း သိရှိနားလည်အောင် သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသည့် အခြေခံပညာရပ်များကို လုပ်ငန်းခွင်အတွေ့ အကြုံများနှင့်ပေါင်းစပ်ပြီး မိမိတို့ဌာနဖွံဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အင်ဂျင်ဆိုင်ရာပညာရပ်များကို တတ်ကျွမ်းနားလည်စေရန် အမြဲလေ့လာနေကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရောင်းချမှုစနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သင်တန်းသားများအနေဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ကျရာ စက်ရုံများတွင် စက်များစွမ်းအားပြည့် လည်ပတ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး၊ စက်ချို့ယွင်းမှုဖြစ်ပေါ်ပါကလည်း အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ရေး ကျွမ်းကျင်အောင် အလေးထားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်သည့်အခါ စေတနာထားပြီး အားကြိုးမာန်တက် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အားကိုးအားထားရပြီး သီလ၊ သမာဓိ၊ ပညာပြည့်ဝသည့် ဝန်ထမ်းများဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြရန်နှင့် အင်ဂျင်နီယာကောင်းများအဖြစ် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး တို့ကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အငယ်တန်းအင်ဂျင်နီယာ(၂)များ လုပ်ငန်းခွင်ဝင် မွမ်းမံသင်တန်းအမှတ်စဉ် (၂) တွင် ထူးချွန်ဆုရရှိသူ သင်တန်းသားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းဆင်း လက်မှတ်များအား သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးထံ ပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းနှင့် ထူးချွန် ဆုရရှိသည့် သင်တန်းသားများအားတွေ့ဆုံ၍ ချီးကျူးဂုဏ်ပြု စကားပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။