The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခြင်း ပြုလုပ်သည့်သတင်း

                              ၂၀၂၃  ခုနှစ်၊   အောက်တိုဘာလ  ( ၉ )ရက်

   ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း ပြောကြားခြင်းတို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေ၊ နှစ်အလိုက်ဓာတ်အား တိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်အားခများ ကောက်ခံရရှိမှု အခြေ အနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား အသီးသီးရှင်းလင်းတင်ပြကြပါသည်။

   ထို့နောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍  ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။

   တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန်စေရန် စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့စီမံဆောင်ရွက်မှုများအပေါ် အားလုံးမှ တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် ဓာတ်အားခကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး စနစ်တကျကောက်ခံသွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားများ ကို ပြည်သူလူထုထံသို့ ဖြန့်ဝေပေးပို့ရာတွင်လည်း ထုတ်လုပ်မှုအပေါ် အခြေခံ၍ စနစ်တကျ ထိန်းညှိဖြန့်ဖြူးပေးလျက်ရှိသည်ကို ပြည်သူလူထုသို့ ချပြအသိပေးဆောင်ရွက်သွားရန်နှင့် ထိုသို့ဖြန့်ဖြူးပေးပို့ရာတွင်လည်း မျှတစွာဖြင့် သတ်မှတ်အချိန်အလိုက် စနစ်တကျခွဲဝေ ဖြန့်ဖြူးပေးသွားရန် လိုအပ်ပါကြောင်းတို့အား ပြောကြားခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားရာ၌ နိုင်ငံတော်အစိုးရသည် စတင်တာဝန်ယူချိန်မှစ၍ ဦးတည်ချက်(၉)ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပြီး မျက်ခြေမပျက်ထိန်းသိမ်း အကောင်အထည် ဖော်လျက်ရှိသည့်အပြင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကိုလည်း ချမှတ်ဆောင်ရွက်ခဲ့ရာမှနောက်ဆုံး ရည်မှန်ချက်ဖြစ်သော လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကို ကျင်းပနိုင်အောင်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁ ရက်နေ့မှ  စတင်၍ စမ်းသပ် သန်းခေါင်စာရင်းကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ကောက်ခံရရှိ သည့် အတွေ့အကြုံအပေါ်မူတည်၍ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူမှုကို ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများအလိုက် ဆောင်ရွက် နေသည့် စက်ရုံအလုပ်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်မည်ဆိုပါက တိုင်းပြည်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်သော လမ်းညွှန်ချက်အရ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း စက်ရုံများ အသစ်တည်ဆောက်မှု မပြုလုပ်မီကာလတွင် တည်ဆောက်ပြီးစက်ရုံများကို စနစ် တကျ ထိန်းသိမ်းမောင်းနှင် ထုတ်လုပ်လျက်ရှိပါကြောင်း၊ ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း အောင်မြင်အောင် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံ့ စီးပွားတိုးတက်လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရသည် နိုင်ငံ၏ကုန်ထုတ်စွမ်းအားစု များ၌ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိုလည်း အလေးထား ဆောင်ရွက် ပေးလျက်ရှိရာ စားဝတ်နေရေးများတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ထောက်ပံ့မှုများ၊ သက်သာချောင်ချိရေးကိစ္စများ၊ စရိတ်များကို တိုးမြှင့်ပေးခဲ့ပြီးဖြစ်သည့်အပြင် တစ်ဖက်တွင် လည်း ကုန်ဈေးနှုန်းကျဆင်းစေရေးကို စနစ်တကျကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကိုလည်း ယခုအောက်တိုဘာလမှစတင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုများနှင့် ပတ်သက်၍လည်း မလိုလား အပ်သည့် နေရာများတွင် အပိုငွေများ ကုန်ကျမှုမရှိရလေအောင် ချွေတာသုံးစွဲခြင်းဖြင့် ပိုလျှံလာသော ဘဏ္ဍာငွေများကို အခြားဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ၌ အသုံးပြုနိုင်မည်ဖြစ်၍ ရရှိသည့် ပြည်ထောင်စုရန်ပုံငွေကို စနစ်တကျ ထိန်းသိမ်းသုံးစွဲကျရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအလိုက်လုပ်ငန်းများ တိုးတက် အောင်မြင်မှုရှိစေရေး အပြန်ပြန်အလှန်လှန်စိစစ်၍ ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက် ပေးခြင်းဖြင့် အလုပ်ဖြင့်သက်သေပြကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ ဝင်ငွေနှင့် ထွက်ငွေကိုမျှတစွာသုံးစွဲရန် လိုအပ်ပါကြောင်းနှင့် မိသားစုဝင်ငွေ တဖက်တလမ်းမှရရှိစေရန် တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ အိမ်ရာများတွင်လည်း နေထိုင်ခြင်းမရှိသည့် အိမ်ရာ များကို ပျက်စီးမှုမရှိစေရေး စနစ်တကျ တာဝန်ခွဲဝေထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ မိမိတို့နေထိုင်ရာ အိမ်ရာဝန်းကျင်ကိုလည်း အမြဲသန့်ရှင်း သပ်ရပ်နေအောင် ရှင်းလင်းဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အခက်အခဲများ ရှိပါက အဆင့်ဆင့်သတင်းပို့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများမှ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းလုပ်ဆောင် နေရသော ဘာသာရပ်အလိုက် ကျွမ်းကျင်အောင် မွမ်းမံသင်တန်းများဖြင့် လေ့ကျင့် ဆောင်ရွက်နေရန် လိုအပ်သကဲ့သို့ အဆင့်ဆင့်တာဝန်ယူနိုင်စေရန်၊ ကျွမ်းကျင်လာစေရန် နည်းပညာရပ်များကို အဆင့်ဆင့်လက်ဆင့်ကမ်း သင်ကြားပေးသွားကြရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အလျောက် ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ လျှပ်စစ်ဝန်ကြီး ဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျောက် စေတနာထား၍ လုပ်ဆောင်ပေးကြရန်နှင့် ပြည်သူလူထု၏ ဖြစ်ပေါ်နေသောအခက်အခဲများကို ပွင့်လင်း မြင်သာစွာရှင်းပြပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းတို့အား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

Post under by : ဝန်ကြီးရုံး
10-Oct-2023