The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် ဆဌမအကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်(၂၀၂၃) (REW-2023 ) သို့တက်ရောက်ခဲ့သည့်သတင်း

နေပြည်တော်၊ အောက်တိုဘာလ ၁၂ ရက်

   ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် ဆဌမအကြိမ်မြောက် ရုရှား စွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (၂၀၂၃) (REW-2023)သို့ တက်ရောက်ခဲ့ ကြပါသည်။

   အဆိုပါ Forum သို့ နိုင်ငံပေါင်း ၆၀ ကျော်မှ နိုင်ငံခြားရေး၀န်ကြီးများ၊ ဝန်ကြီးများ၊ သံတမန်များနှင့် CIS မှ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံခြား လွှတ်တော်အမတ်များ၊ နိုင်ငံတော်နှင့် ဒေသတွင်း အဖွဲ့အစည်းများ၏ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။

   ထို့နောက် တက်ရောက်လာကြသူများက ဆဌမအကြိမ်မြောက် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (၂၀၂၃) (REW-2023) တွင် ခင်းကျင်းပြသထားသည့် ခေတ်မီပြခန်းများနှင့် ပုံစံငယ်များကို လိုက်လံကြည့်ရှုလေ့လာ၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မျက်နှာစုံညီအစည်းအဝေး (Plenary Session) တွင် “ Technological Sovereignty and Low-Carbon Energy : Looking to Tomorrow ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုသို့ တက်ရောက် ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။ ယင်းနောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက စွမ်းအင်ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်နေ မှုများနှင့် ကမ္ဘာကြီးပူနွေးလာမှု၊ ၄င်းကာဗွန်ဒိုင်အောက်ဆိုဒ်များ လျော့ချနိုင်ရေးအတွက် သန့်စင်သောစွမ်းအင် (Green Energy) များ အသုံးပြုနိုင်မှု၊ နျူကလီးယားနည်းပညာမှ စွမ်းအင် အကျပ်အတည်းကို ဖြေရှင်းနိုင်မှု၊ သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝ ထိခိုက်မှုမရှိဘဲ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကဏ္ဍတွင် အထောက်အကူပြုပုံနှင့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်မှုတို့အား အလှည့်ကျဆွေးနွေးခဲ့ကြပါသည်။

   ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosatom ၏ အကြီးအကဲဖြစ်သူ ဥက္ကဋ္ဌ အလက်ဆီလီကာချော့နှင့် သီးခြားတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့် လူသား အရင်းအမြစ် လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ Nuclear Infrastructure အတွက် နားလည်မှုစာချွန်လွှာ (MOU) အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (၂၀၂၃) (REW-2023) ၏ စုံညီ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

   ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်ကို ၂၀၁၇ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် အပြင်းထန်ဆုံးသော ပြဿနာများကို ဖြေရှင်းရေး၊ အပြည်ပြည် ဆိုင်ရာအစီအစဉ်၊ ရာသီဥတု၊ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ စက်သုံးဆီနှင့် စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ REW 2023 ဆွေးနွေးမှုများတွင် ပါဝင်သူများသည် စွမ်းအင်ထောက်ပံ့မှုနှင့် ကုန်ကြမ်းများအတွက် ကမ္ဘာ့ဈေးနှုန်းများဖွဲ့စည်းပုံ၊ ရေနံလုပ်ငန်းအတွက် အလားအလာနှင့် ရာသီဥတုဆိုင်ရာ အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
13-Oct-2023