၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉ ) ရက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာန အကြီးအကဲ မစ္စတာကျန်းကျင့်ဟွား ၏ ဖိတ်ကြား ချက်အရ(၆) ကြိမ်မြောက်အာရှ-ပစိဖိတ် ဒေသစွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ် တက်ရောက်ရန် နှင့် လေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်နေမှုများကို လေ့လာနိုင်ရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် နေ့မှ ၁၉ ရက်နေ့ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းကျန်းမြို့နှင့်ကူမင်းမြို့များသို့ သွားရောက်ခဲ့ကြ ပါသည်။
ထိုသို့သွားရောက်စဉ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၁၆ ရက်နေ့ ဒေသစံတော်ချိန် (၀၈ : ၀၀) နာရီ၌ တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာန နှင့် ကွမ်တုံးပြည်နယ်၊ ရှန်ကျန်းမြို့ မြူနီစပယ် အစိုးရတို့မှကြီးမှုးကျင်းပသော (၆) ကြိမ်မြောက်အာရှ-ပစိဖိတ်ဒေသစွမ်းအင် ကြီးကြပ်မှုဆိုင်ရာဖိုရမ်ကို တက်ရောက်ခဲ့ပါသည်။ ဖိုရမ်တွင် တရုတ်အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုဌာန အကြီးအကဲ မစ္စတာကျန်းကျင့်ဟွား ၊ ဂွမ်တုံးပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ ကျန်းဟူ ၊ ရှန်းကျန်းမြို့တော်ဝန် မစ္စတာချင်ဝေကျုံး ၊ တရုတ်နိုင်ငံ တောင်ပိုင်း လျှပ်စစ် ဓာတ်အားကွန်ရက် ၏ ဥက္ကဌ မစ္စတာမုန့်ကျန်းပင် နှင့် အာရှ-ပစိဖိတ်ဒေသနိုင်ငံများမှ စွမ်းအင် ကြီးကြပ်မှုဆိုင်ရာအဖွဲ့အစည်း အကြီးအကဲများမှ ကြိုဆိုနှုတ်ဆက်စကားပြော ကြားခဲ့ကြ ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းမှကြိုဆိုနှုတ်ဆက်စကားပြော ကြားရာတွင် (၆)ကြိမ်မြောက်အာရှ-ပစိဖိတ်ဒေသစွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ် ကို မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်လေ့လာနိုင်ရန် ဖိတ်ကြားပေးတဲ့ NEA ၏ အကြီးအကဲ မစ္စတာကျန်းကျင့်ဟွာ ကို အထူး ကျေးဇူးတင်ပါကြောင်း ၊ ဖိုရမ်ရဲ့ရည်ရွယ်ချက်မှာ “စွမ်းအင်ဈေးကွက် တည်ထောင်ခြင်း နှင့် အစိမ်းရောင်စီးပွားရေးသို့ကူးပြောင်းခြင်း” ဖြစ်ရာ ကမ္ဘာပေါ်ရှိလူအများ မရှိမဖြစ်သုံးစွဲနေရတဲ့ စွမ်းအင်အမျိုးမျိုးကို ထိရောက်အကျိုးရှိစွာ သုံးစွဲမှု ဖြစ်စေရန် ခေတ်မီဒီဂျစ်တယ်နည်းပညာဖြင့် စွမ်းအင်ထိန်းချုပ်မှုများ၊ စွမ်းအင် ဈေးကွက် တည်ထောင်ထားပြီး ထိန်းကျောင်း ကြီးကြပ်မှုပြုလုပ်နေသော နိုင်ငံ များ၏ အစိမ်းရောင် စွမ်းအင်ကူးပြောင်းရေးဆောင်ရွက်နေမှုများ၊ သန့်ရှင်းသော စွမ်းအင်သုံးစွဲရေး ဖွံ့ဖြိုး တိုးတက်မှုများ အတွက် အမြင်ချင်းဖလှယ် ဆွေးနွေး ပြီး လက်ရှိကမ္ဘာ့နိုင်ငံတိုင်း ကြုံတွေ့ နေရတဲ့ စွမ်းအင်ဖူလုံရေး ဆောင်ရွက်ရာ၌ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မယ့်နည်းလမ်းများကို ရရှိကြလိမ့် မည်လို့လည်း ယုံကြည်ပါကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများအနေနဲ့ ၂၀၂၅ ခုနှစ်၌ ပြန်ပြည့်မြဲစွမ်းအင် ကို ပင်မစွမ်းအင်အရင်းအမြစ် အတွက် ၂၃ ရာခိုင်နှုန်း နှင့် ဓာတ်အားထုတ်လုပ်မှုအတွက် တပ်ဆင်စက်အင်အား၏ ၃၅ ရာခိုင်နှုန်း ပါဝင် ရရှိရေးရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ကြမည်ဟု အဖွဲ့ဝင်နိုင်ငံများက သဘောတူထား သော်လည်း ရည်မှန်းချက်ပြည့်မီရန် စိန်ခေါ်မှု အချို့ရှိနေပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၌ စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၇,၃၂၉ မဂ္ဂါဝပ်ဖြစ်ပြီး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စွမ်းအင်အမျိုးအစား ပါဝင်မှုမှာ ရေအားလျှပ်စစ်မှ ၄၅ % ၊ သဘာဝဓာတ်ငွေ့မှ ၅၀% ၊ ကျောက်မီးသွေး မှ ၂ % ၊ ဆိုလာမှ ၂ % နှင့် ဒီဇယ်မှ ၁ % တို့ဖြစ်ပါကြောင်း၊ ဓာတ်အားထုတ်လုပ်နိုင်သည့် သင့်လျော်သော အရင်းအမြစ် များအပေါ် အခြေခံ၍ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အဖြစ် မြန်မာ နိုင်ငံ၏ အမျိုးသား လျှပ်စစ်ဓာတ်အားပင်မစီမံချက်ကို ၂၀၁၄ ခုနှစ်မှာ ရေးဆွဲခဲ့ ပါကြောင်း၊UNFCCC ၏ ဆုံးဖြတ်ချက်နှင့်အညီမြန်မာနိုင်ငံအမျိုးသားအဆင့်ရာသီဉတု ပြောင်းလဲမှုလျှော့ချရေး နှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာအကောင်အထည် ဖော်ဆောင်ရွက်မည့်အစီအစဉ် ကို ၂၀၂၁ခုနှစ် ၊ ဇူလိုင်လတွင် အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် NDC အရ ရည်မှန်းချက်ကို ပြည့်မီ စေရန် စိန်ခေါ်မှုများနှင့် အတားအဆီးအချို့ရှိပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒ ပန်းတိုင်သို့ ရောက်ရှိနိုင်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ၊ နည်းပညာဆိုင်ရာပံ့ပိုးမှုများနှင့် လူသားအရင်းအမြစ်များ အရေးတကြီး လိုအပ်နေပါကြောင်း၊ စွမ်းအင်စီမံခန့်ခွဲမှု အတွက် ထိရောက်သော လုပ်ငန်းစဉ်များဖြင့် နိုင်ငံသားအားလုံး ကောင်းမွန် သော အလုပ်အကိုင်များရရှိရေး၊ လူနေမှုအဆင့်အတန်း မြင့်မားလာ စေရေးကို လျှပ်စစ်ကားများသုံးစွဲခြင်း နှင့် Smart Grid များ ဖြန့်ကျက်ခြင်းဖြင့် မြို့ပြ ဖွံ့ဖြိုးရန် ဆောင်ရွက်နေပါကြောင်း၊အဆောက် အဦးများ၊လူနေအိမ်ခေါင်မိုးများ၌ ဆိုလာပြားတပ်ဆင် သုံးစွဲခြင်းများကို ကျယ်ပြန့် လာစေရေးအတွက် အစိုးရမှ တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊အာရှ-ပစိဖိတ်ဒေသတွင်း “စွမ်းအင်ဈေးကွက် တည်ထောင်ခြင်း နှင့် အစိမ်းရောင် စွမ်းအင် အသုံးပြုမှု ကူးပြောင်းခြင်း” ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်မယ်လို့ ယုံကြည် ပါကြောင်းတိုအား ပြောကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့ (National Energy Administration- NEA) ၏ ဥက္ကဋ္ဌဖြစ်သူ မစ္စတာကျန်းကျင့်ဟွား နှင့် အဖွဲ့ အားတွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်း၊ ရေအားနှင့်ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများ၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများ၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံဆိုင်ရာ ဆောလျင်စွာ ဆောင်ရွက်မည့်စီမံကိန်းများ အတွက် နှစ်နိုင်ငံကြားပိုမိုနီးကပ်စွာ ဆွေးနွေး၍ လျှပ်စစ်စွမ်းအားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက် သွားနိုင်ရေး ကို နှစ်ဘက်ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါ သည်။
ဖိုရမ်ကျင်းပရေးအဖွဲ့၏စီစဉ်ပေးမှုဖြင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရှန်ကျန်းမြို့ Huawei Digital Power Edison Exhibition Hall နှင့် Optical Storage and Charging & Vehicle -Grid Interaction EV ကားများအားသွင်းရာနေရာ သို့သွားရောက်လေ့လာခဲ့ရပါသည်။ ယင်း EV ကားများအားသွင်းရာနေရာတွင် ၁ ကီလိုမီတာ ခရီးအတွက် ၁ စက္ကန့်အတွင်းအားသွင်းနိုင်သည့်မျိုးဆက်သစ် ၆၀၀ ကီလိုဝပ် Charging Station ၊ EV မော်တော်ယာဉ်များအဆင့်ဆင့်ပြောင်းလဲတိုးတက်၍ထုတ်လုပ်မှုများ၊ EV ကားများ၏ဘက္ထရီများကို စွမ်းအင်သိုလှောင်မှု အဖြစ်အသုံးပြုပြီး ပိုလျှံသောလျှပ်စစ် ဓာတ်အားကို ဓာတ်အားစနစ်သို့ဓာတ်အားပြန်လည်ရောင်းချသည့်စနစ် နှင့် ပြန်ပြည့်မြဲ စွမ်းအင်ထုတ်လုပ်မှုကို အဆောက်အဦကာမှန်ချပ်များနှင့်အမိုးများပေါ်၌ တပ်ဆင်သုံးစွဲမှုများ နှင့် ဒစ်ဂျစ်တယ်ဉာဏ်ရည်တု(Artificial Intelligent) ထိန်းချုပ်မှုဖြင့် ဓာတ်အားစနစ်နှင့် ချိတ်ဆက်ခြင်းများကိုဆောင်ရွက်နေကြောင်းတွေ့ရှိခဲ့ရပါသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ယူနန်ပြည်နယ်၊ ချီကျင့်မြို့ ရှိ State Power Investment Corporation မှတည်ဆောက် ထားသော တပ်ဆင်အား (၈၀၀) မဂ္ဂါဝပ်ရှိသည့် ဖူးရန်းရှီး (Fuyuanxi) လေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ သွားရောက် လည်ပတ်လေ့လာ ခဲ့ကြပါသည်။ အဆိုပါလေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် တစ်လုံးချင်းတပ်ဆင်အင်အား ၅ မဂ္ဂါဝပ် မှ ၆.၇ မဂ္ဂါဝပ် ရှိသည့်လေအားတာဘိုင် ၁၃၅ လုံး တည်ဆောက်ထားပါသည်။
ခရီးစဉ်အတွင်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော တရုတ်အစိုးရပိုင်ကုမ္ပဏီများဖြစ်သည့် China Southern Power Grid ၊ Datang United Hydropower Development Co.,Ltd ၊ State Power Investment Corporation ၊ Yunnan Energy Investment Group & Yunnan Machinery and Equipment Import and Export Co.,Ltd နှင့် Huaneng Lancang River Hydropower Co.,Ltd တို့နှင့် အသီးသီးတွေ့ဆုံခဲ့ပြီး စီမံကိန်းများအကောင်အထည်ဖော်ရာတွင်လိုအပ်ချက်များ နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပြီး နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိကြောင်း သတင်းရရှိပါသည်။