၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်မုခ်ဦး လျှပ်စစ်မီးအလှဆင်နေမှု၊ တန်ဆောင်တိုင်မီးပုံးပျံကွင်းအတွင်း လျှပ်စစ်မီးသွယ်တန်းထားရှိမှုနှင့် ရာဇူဒိုင်လမ်းပေါ်ရှိ ကောင်းကင်ဓာတ်အားလိုင်းအား မြေအောက် ဓာတ်အားလိုင်းအဖြစ် ရွှေ့ပြောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွင်းရှိ တန်ဆောင်တိုင်မီးပုံးပျံကွင်းတွင် မီးပုံးပျံလွှတ်တင်မည့်နေရာ လျှပ်စစ်မီးသွယ်တန်းနေမှုနှင့် လျှပ်စစ်မီးအလှဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင် မုခ်ဦးတွင် လျှပ်စစ်မီးအလှဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း၊ တန်ဆောင်တိုင်ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော် ပြုလုပ်မည့်ကွင်းအတွင်း လျှပ်စစ်မီး စနစ်တကျသွယ်တန်းနေမှု အခြေအနေများအားလည်းကောင်း၊ ရာဇူဒိုင်လမ်းပေါ်ရှိ ကောင်းကင်ဓာတ်အားလိုင်းအား မြေအောက်ဓာတ်အားလိုင်းအဖြစ် ရွှေ့ပြောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများအား သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။