၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်း တက္ကသိုလ်) ဓာတ်အားခွဲရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့နယ်ရှိ ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်ရှိ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်း ခွင်သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံစီမံကိန်းနှင့် ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြ ကြပါသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ယခုစီမံကိန်းဆောင်ရွက်သည့် နေရာများသည် မြန်မာပြည်အောက်ပိုင်းဒေသ ဖြစ်သည့်အလျောက် မိုးရာသီကာလတွင် မိုးများ သဖြင့် လုပ်ငန်းများဆောင်ရွက်ရာ၌ တွေ့ကြုံရသည့်အခက်အခဲများအား သိရှိပြီးဖြစ်၍ ယခု ကာလသည် ပွင့်လင်းရာသီကာလဖြစ်ပြီး စပါးသီးနှံများ ရိတ်သိမ်းပြီးချိန်ဖြစ်သည့်အလျောက် ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သော မြေသားလုပ်ငန်းများအား ဆောင်ရွက်ခြင်း၊ ကြိုးဆွဲခြင်းလုပ်ငန်းများအတွက် လိုအပ်သောအထောက်အကူပစ္စည်းများ ကြိုတင်ပေးပို့ခြင်း၊ စီမံကိန်းတွင် အသုံးပြုမည့်အထောက်အကူပစ္စည်းများအား ကြိုတင်သယ်ယူပို့ဆောင်ခြင်း စသည့် လုပ်ငန်းများအား ကြိုတင်ဆောင်ရွက်ထားရန်လိုအပ်ပြီး ဆောင်ရွက်လျက်ရှိသည့် မြို့ပြလုပ်ငန်းများကိုလည်း ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အား၊ လုပ်ငန်းဆောင်ရွက်ချိန် များကို ပိုမိုတိုးချဲ့စုဖွဲ့၍ ဟန်ချက်ညီ ပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဆောင်ရွက်ရန် ကျန်လုပ်ငန်းများ အလိုက် ပြီးစီးရမည့်အချိန်ဇယားများ ရေးဆွဲထား၍ ၎င်းအချိန်ဇယားများအတိုင်း သတ်မှတ် ချိန်ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဆောင်ရွက် ရာတွင်လည်း အရည်အသွေး စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီး ခြင်းများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်နေမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့နယ်ရှိ ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို မှာကြားခဲ့ပါသည်။
ယခု ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းများသည် ယခုအချိန်၌ စီမံကိန်းလုပ်ငန်းများ၏ ၆၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။