၂၀၂၄ခုနှစ် ဇန်နဝါရီလ ၅ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ ၂၃၀ကေဗွီ ကမာနတ် ပင်မဓာတ်အားခွဲရုံသို့ သွားရောက်၍ ဓာတ်အားခွဲရုံဆိုင်ရာအခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ယခုလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ ကမာနတ်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ အသစ်တိုးချဲ့တည်ဆောက်ထားသည့် ၂၃၀ကေဗွီ ဓာတ်အားခွဲရုံနှင့် မူလတည်ဆောက်ထားသည့် ၂၃၀ကေဗွီ ဓာတ်အားခွဲရုံတို့၏ ဆွိယာဒ် (Switch Yard) အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေများနှင့် ဓာတ်အား ထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များနှင့် ဓာတ်အား ထိန်းချုပ်ခန်းအတွင်းမှတဆင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေများအား လိုက်လံ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ထရန်စဖော်မာ ဝန်အားစာရင်းအား အမြဲစိစစ်၍ မှတ်တမ်း ထားရှိရန်၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး ဓာတ်အားခွဲရုံရှိ ဓာတ်အားလွှတ်ပစ္စည်း များအား ပုံမှန်စစ်ဆေး၍ လိုအပ်ပါက ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန်များလစ်ဟင်းမှုမရှိစေရေး လုံခြုံရေး အသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံးစည်းလုံးညီညွှတ်စွာပူးပေါင်းဆောင်ရွက်သွားကြရန်၊ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်ပါ၍ မီးတားလမ်းများပြုလုပ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထား ကြရန်၊ ဓာတ်အားခွဲရုံအတွင်းအပြင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်နှင့် အခြားလိုအပ် သည်များ မှာကြားခဲ့ကြောင်းသိရှိရပါသည်။