နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၁၉ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုပ္ပါးမြို့၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ ငါးရံ့ကုန်းရွာအနီးရှိ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန၊ သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ (ပုပ္ပါး)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ စက်ရုံရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံသမိုင်းကြောင်း၊ သဘာဝပိုဇိုလန် ထုတ်လုပ်မှု လုပ်ငန်းစဉ်နှင့် ရေအားလျှပ်စစ် စီမံကိန်းကြီးများတွင် အသုံးပြုရန် သဘာဝ ပိုဇိုလန် ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြ ပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် စက်ရုံလည်ပတ်ခြင်း မရှိသည့်ကာလများတွင် စက်များ၏ကြံ့ခိုင်ရေးအား စဉ်ဆက်မပြတ် ဆောင်ရွက်နေစေရန် လိုအပ်ကြောင်း၊ စက်ရုံအတွင်း/ပြင်ရှိ စက်ရုံပိုင်ပစ္စည်းများ ပျက်စီး ပျောက်ဆုံးမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ စက်ရုံရပ်နားနေသည့်ကာလတွင် အချို့သောပညာရပ် ဆိုင်ရာဝန်ထမ်းများကို လိုအပ်သည့်နေရာများတွင် တာဝန်ပေးဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ စက်ရုံ၏ထုတ်လုပ်မှုတို့ကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်သဖြင့် လိုအပ်ချက်များ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပါကြောင်း၊ လူနေထိုင်မှုမရှိသည့် ဝန်ထမ်း အိမ်ရာများကိုလည်းထိန်းသိမ်းရန် တာဝန်ပေးထားရန်လိုအပ် ပါကြောင်း၊ စက်ရုံပိုင်ဆိုင်မှု မြေယာများကို ဌာနပိုင်အမည်ပေါက်ရရှိရေး ဆက်လက်ဆောင်ရွက်ရန်နှင့် မိမိတို့၏ ဌာနပိုင်မြေအဖြစ် ရရှိပြီးဖြစ်သည့် နေရာများတွင် ကျူးကျော် ဝင်ရောက်မှုမရှိစေရေး သတ်မှတ်ဧရိယာတစ်လျောက် ငုတ်စိုက်ခြင်း၊ ကြီးမြန်သစ်ပင်များ စိုက်ပျိုးခြင်းတို့ ဆောင်ရွက်ထားရန်လိုကြောင်း၊ မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် စက်ရုံအတွင်း သဘာဝပိုဇိုလန်ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့မှုလုပ်ငန်း စဉ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါစက်ရုံမှ ထုတ်လုပ်သည့် သဘာဝပိုဇိုလန်ကို ကွန်ကရစ်တမံကြီးများ တည်ဆောက်ရာတွင် ကွန်ကရစ်အပူချိန် (Heat of Hydration) မြင့်တက်ခြင်းဖြစ်ပေါ်သဖြင့် အယ်ကာလီ-စီလီကာဓာတ်ပြုခြင်း(Alkali-Silica Reaction)ကို ထိန်းချုပ်ရန်လည်းကောင်း၊ တည်ဆောက်ချိန်ကာလတိုတောင်း၍ ကုန်ကျစရိတ်သက်သာစေရန်လည်းကောင်း၊ သဘာဝ ပိုဇိုလန်နှင့် ဘိလပ်မြေကို ရောနှောအသုံးပြု၍ RCC Dam (Roller Compacted Concrete Dam)များအဖြစ် တည်ဆောက်ရာတွင် အသုံးပြုလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် တည်ဆောက် ပြီးစီးခဲ့သည့် ရဲရွာကွန်ကရစ်ရေလှောင်တမံနှင့် အထက်ပေါင်းလောင်း ကွန်ကရစ် ရေလှောင် တမံတည်ဆောက်ရာတွင် သဘာဝပိုဇိုလန်နှင့် ဘိလပ်မြေကို ရောနှောအသုံးပြု၍ တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ထုတ်လုပ်ပေးခဲ့သည့် ပိုဇိုလန်ကုန်ချော တန်ချိန်ပေါင်းမှာ (၅၆၈,၈၄၉.၉) တန်ချိန်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့အပြင် သံချောင်းပုံစံဆင်ခြင်း (Structure Design) ဖြင့် ဆောက်လုပ်ခြင်း မဟုတ်သည့် တစ်ထပ်အဆောက်အဦးများနှင့် လမ်း၊ အုတ်တံတိုင်း၊ ရေကန် စသည့် အခြေခံလူမှုအဆောက်အအုံများကို သဘာဝပိုဇိုလန်နှင့် ဘိလပ်မြေရောစပ်၍ ကုန်ကျစရိတ် သက်သာစွာဖြင့် ကောင်းမွန်ခိုင်မာစွာ ဆောက်လုပ်နိုင်ကြောင်း သတင်းရရှိပါသည်။