The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ  တည်ဆောက်/မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄)နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊  ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီး ဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြ ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အုပ်ချုပ်မှုအောက်ရှိ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ဦးစီးအရာရှိ(စက်/လျှပ်)၊ လက်ထောက်အင်ဂျင်နီယာ ၊ လက်ထောက်မန်နေဂျာ( အင်/ယာ ) ၊ ဒု-ဦးစီးမှူး (စက်/လျှပ်)နှင့် အငယ်တန်းအင်ဂျင်နီယာ( ၂ ) များအတွက် ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်းနှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်း တို့ကို စာတွေ့/လက်တွေ့ ၊ လေ့လာရေးခရီးစဉ်များနှင့်အတူ (၅)ပတ်ကြာ ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ လျှပ်စစ်နည်းပညာဆိုင်ရာ အရည် အသွေး ပိုမိုမြင့်မားလာပြီး ဝန်ထမ်းကောင်းများ တိုးပွားလာစေရန်နှင့် ကျွမ်းကျင်သည့် ပညာရှင်များ မွေးထုတ်ပေးရန် သင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား အသီးသီးတွင် ထိုက်သင့်သည့်အရည်အချင်း၊ ပင်ကိုယ်စွမ်းရည်၊ စိတ်ဓာတ်ကောင်းမွန်မှု၊ လုပ်ငန်းစွမ်းဆောင်မှုနှင့် ကြိုးစားအားထုတ်မှုစသည့် စွမ်းအားကိုယ်စီရှိပြီးဖြစ်သည့်အတွက် ယခုသင်တန်းမှ လျှပ်စစ်နှင့်စီမံခန့်ခွဲရေးပညာရပ်များ ထပ်မံလေ့လာသင်ယူပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် ကောင်းမွန်သည့် လျှပ်စစ်စွမ်းအားဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းတွင် ထူးချွန်သူများကို တစ်ဆင့်မြှင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်ခန်းစာများကို လေ့လာရာတွင် ပြင်းထန်သောစိတ်ဆန္ဒဖြင့် လေ့လာပြီး အကောင်းဆုံးဖြစ်စေရန် အဆက်မပြတ် ကြိုးစားအားထုတ်မှုရှိလျှင် ကြီးမြတ်သောအောင်မြင်မှု ရရှိလာမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင် တွင်လည်း အထက်၊ အောက် ချစ်ခင်ရင်းနှီးစွာဖြင့် သွေးရင်းပမာ မေတ္တာထားပြီး စည်းလုံး ညီညွတ်စွာဖြင့် ဘက်စုံထူးချွန်သော ဝန်ထမ်းကောင်းများဖြစ်လာအောင် ကြိုးစားကြရန်လိုကြောင်း၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို ဆောင်ရွက်တတ်စေရန်နှင့် AMI စနစ်ကို Energy Meter,  Server, Database နှင့် ဆက်သွယ်ရေးနည်းပညာပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှုစနစ်၊ ဓာတ်အားကွပ်ကဲ/ ထိန်းသိမ်းမောင်းနှင်သည့် စနစ်တို့၏ လုပ်ဆောင်မှုကို သိရှိနားလည်စေရန် သင်တန်းကိုစီမံဖွင့်လှစ်သည့်အတွက် ထိုက်သင့်သည့်ပညာရပ် အခြေခံကောင်းများရရှိမည် ဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချချက်များ၊ အပြန်အလှန်ဆွေးနွေးခြင်းမှရရှိသည့် အသိပညာ၊ အတွေ့အကြုံများနှင့် ဝန်ကြီးဌာန၏ မူဝါဒ၊ ချမှတ်ထားသော စည်းကမ်းများနှင့်အညီ လျှပ်စစ် အင်ဂျင်နီယာကောင်းများအဖြစ် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးတို့ကို စိတ်ကောင်း စေတနာအပြည့်နှင့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ  တည်ဆောက်/မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို သင်တန်းသား (၂၅)ဦးဖြင့် လည်းကောင်း၊ အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို သင်တန်းသား(၂၄)ဦးဖြင့် လည်းကောင်း စာတွေ့ လက်တွေ့ ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် နေပြည်တော် ဗဟိုသင်တန်း ကျောင်းဝင်းအတွင်း ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် သန့်ရှင်းလတ်ဆတ်စွာ စားသုံး နိုင်ရေးအတွက် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနခွဲများ အလိုက် စိုက်ပျိုးထားရှိသည့် နှစ်ရှည်သီးနှံပင်နှင့် ရာသီအလိုက် သီးနှံပင်စိုက်ခင်းများ စိုက်ပျိုး ထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
05-Feb-2024