The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်

  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ ၂၃၀ကေဗွီ ဉသျှစ်ပင် ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ထားရှိမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် ရွှေတောင်သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ နှင့် ပြည်မြို့ရှိ ၆၆ကေဗွီ စက်မှုဇုန်ဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေး၍ တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာရုံး၌  ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး  ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ၂၃၀ကေဗွီ အောင်လံပင်မဓာတ်အားခွဲရုံစီမံကိန်းမြေနေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

   ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ရှိ  ၂၃၀ ကေဗွီ ဉသျှစ်ပင် ပင်မဓာတ်အားခွဲရုံ သို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ပင်မဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက စီမံကိန်းပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိရန်၊ ဓာတ်အားခွဲရုံ၏ကျန်ရှိသော မြေအတွက် အမည်ပေါက်ရရှိရေးကိစ္စ ဆက်လက်ဆောင်ရွက်သွားရန်၊ နွေရာသီကာလရောက်ရှိပြီဖြစ်၍ ခွဲရုံပတ်လည် မီးတာလမ်းများ ဖောက်လုပ်ထားပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများကို ခွဲရုံ ဝန်ထမ်းအိမ်ရာနှင့် ခွဲရုံဝန်းပတ်လည်လုပ်ဆောင်ထားကြရန်၊ ဓာတ်အားပြတ်တောက်မှုမဖြစ်ပွားစေရေး ပုံမှန် ထိန်းသိမ်း၊ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားကာ ဝန်ထမ်းများအား အမှတ်တရသစ်သီးခြင်းပေးအပ်ခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်း အတွင်းမှ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေနှင့် Switch Yard (ဆွိစ်ယာဒ်)အတွင်း ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွှတ် ပစ္စည်းများ၏ အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံသို့ရောက်ရှိရာ စက်ရုံမှူးက ရရှိသော ဓာတ်ငွေ့ခွဲတမ်းဖြင့် ဓာတ်အားထုတ်လုပ်ပေးနေမှု အခြေ အနေနှင့် စက်ရုံဆိုင်ရာကိစ္စများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက  ယခုစက်ရုံသည် သဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် စက်ရုံ (၁)ရုံဖြစ်သဖြင့် စက်များထိန်းသိမ်းမောင်းနှင်မှုအခြေအနေများကို ဂရုတစိုက် စစ်ဆေးလုပ်ဆောင် ပေးစေလိုပါကြောင်း၊ ဓာတ်ငွေ့ရရှိမှုအပေါ်မူတည်ပြီး ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံ ဆောင်ရွက် ထားရန်နှင့်အခြားလိုအပ်သည်များမှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ဝန်ထမ်းများအား အမှတ်တရ သစ်သီးခြင်းများ ပေးအပ်ခဲ့ပြီး ဓာတ်အားပေးစက် မောင်းနှင်နေမှု အခြေအနေ အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်မြို့ရှိ ၆၆ကေဗွီ စက်မှုဇုန် ဓာတ်အားခွဲရုံသို့သွားရောက်ပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် Switch Yard (ဆွိစ်ယာဒ်)အတွင်း ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွှတ် ပစ္စည်းများ၏ အခြေအနေ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နွေရာသီကာလအတွင်း လက်ရရှိရရှိသော ဓာတ်အားကို စနစ်တကျ ဖြန့်ဖြူးပေးရေး စီမံဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။

   အဲဒီနောက် တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာရုံးသို့ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံရာ  တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းနှင့် တာဝန်ရှိ သူများက ဖြည့်စွက်ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ်  ဒုတိယဝန်ကြီးက ပွင့်လင်းရာသီ ရောက်ရှိပြီ ဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားကြရန်၊ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဓာတ်အားမပြတ် တောက်စေရေး စီမံချက်များဖြင့် စနစ်တကျဆောင်ရွက်ကြရန်၊ ရုံးစာများလုံခြုံမှုရှိစေရေး စနစ်တကျ မှတ်တမ်း ရေးသွင်းဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း မီတာများပုံမှန်ဖတ်ရှုရေး အထူးအလေး ထားဆောင်ရွက်ကြရန်၊ ဓာတ်အားခငွေများ အလွဲသုံးစားမှုမဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံ ရရှိရေး၊ ကောက်ခံရငွေများကိုစာရင်းတင်ထားရှိရေး သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်မှ အထူးကြပ်မတ် ဆောင်ရွက်ရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားပြတ်တောက်မှု နည်းပါး စေရေး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်/သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်၊ ပြည်သူ များလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ မိသားစု သဖွယ် စည်းလုံးညီညွှတ်စွာနေထိုင်သွားကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေး အသိ၊ သတိ ဖြင့်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

   ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ၂၃၀ကေဗွီ အောင်လံပင်မဓာတ်အားခွဲရုံ စီမံကိန်းမြေနေရာတွင် ခြံစည်းရိုးခတ်ထားရှိမှုနှင့် ဓာတ်အားလိုင်း အဝင် အထွက် ပြုလုပ်မည့် လိုင်းအူကြောင်းတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
18-Feb-2024