The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် တို့သည် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း  လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း

 ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၇ ) ရက်

 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသရှိ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) ပြန်လည် လည်ပတ်နိုင်ရေးအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေမှုနှင့် တောင်ကြီးပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေး နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ပြည်နယ်/ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)သို့ ရောက်ရှိရာ တာဝန်ရှိသူများက စက်ရုံဆိုင်ရာအချက်အလက်များ၊ စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ များနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက မှာကြားရာ၌ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)ပြန်လည် လည်ပတ်၍ နိုင်ငံအတွင်း တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သော သံနှင့်သံမဏိများ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား အမြန်ရရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများတွင် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်စဉ် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်းရှိ Gas Turbine အား ပြင်ဆင်နိုင်ရန် စက်ပစ္စည်းများ‌ ရောက်ရှိမှုအခြေအနေ၊ လျှပ်စစ် ဓာတ်အားရရှိရေး ခွဲရုံများ တိုးချဲ့တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန တောင်ကြီးပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ၁၃၂ ကေဗွီ နမ့်စန်-တောင်ကြီး ဓာတ်အားလိုင်း တည်ဆောက်နေမှု၊ ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တောင်ကြီးပင်မ ဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးမှုဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ဘတ်ဂျတ်ပါလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် တွန်းအားပေး ဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး အရံပစ္စည်းများအား ကြိုတင် စုဆောင်းထားရန်နှင့် ဌာနပိုင်မြေများတွင် ကျူးကျော်ဝင်ရောက်မှု မရှိစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၁၃၂ ကေဗွီ နမ့်စန်-တောင်ကြီး ဓာတ်အားလိုင်း စီမံကိန်း၏ တာဝါတိုင်အမှတ် (၂၄၉) နှင့် (၂၅၀) တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တောင်ကြီးပင်မဓာတ်အားခွဲရုံ  Switch Bay တည်‌ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ပြည်နယ်/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

   ရှေးဦးစွာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်း တင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ လက်ရှိ ဓာတ်အားထုတ်လုပ်နေမှုကို တိုးတက်မထုတ်လုပ်နိုင်သေးမီကာလတွင် မြို့နယ်အဆင့် များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့မြို့နယ်များအတွင်း ဓာတ်အားခကြွေးကျန်များ အပြည့်အဝ ရရှိရေးနှင့် တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် အများပြည်သူနှင့် ဆက်ဆံ၍ ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သဖြင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြီး ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအား ပေးအပ်ထားသောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားရန်လိုအပ်ပြီး ဝန်ထမ်း များ၏ဆောင်ရွက်မှုများအပေါ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ/ခရိုင်လျှပ်စစ်အင်ဂျင်နီယာ များမှ အဆင့်ဆင့်စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  မိမိတို့ဝန်ကြီး ဌာန၏ ပုံရိပ်ကိုမြှင့်တင်၍ ပြည်သူလူထုလေးစားရသော ဝန်ထမ်းများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊  ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာ လိုင်းခန်း များတွင် နေထိုင်ရာတွင်လည်း စည်းလုံးညီညွတ်စွာဖြင့် မိသားစုသဖွယ် နေထိုင် သွားကြရန်နှင့် မိမိတို့ဝန်ထမ်းအိမ်ရာများ၊ ရုံးပတ်ဝန်းကျင်အား အမြဲသန့်ရှင်း သာယာ လှပရေး ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်သွားရန်နှင့် လျှပ်စစ်မီးသုံးစွဲမှုနှင့် ရေသုံးစွဲမှုကိုလည်း လိုအပ်သလောက်သာ ခြိုးခြံချွေတာသုံးစွဲသွားရန် လိုအပ်ကြောင်း၊ ဌာန တာဝန်ခံများအနေဖြင့်လည်း ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်အတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှသည် ပြည်နယ်အဆင့်အထိ လစဉ်ဆန္ဒ ဖော်ထုတ်ပွဲများ ပြုလုပ်ပေးသွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ သိရှိထားသင့်သည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Post under by : ဝန်ကြီးရုံး
28-Apr-2024