The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းနှင့် ဓာတ်အားကွပ်ကဲရေးဌာန(ရန်ကုန်) တို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်       

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်း တက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေနှင့် ဓာတ်အားကွပ်ကဲရေးဌာန(ရန်ကုန်)တို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်ရှိ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ၅၀၀ ကေဗွီ ဘုရားကြီး- လှိုင်သာယာ ဓာတ်အားလိုင်း၊ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အား ခွဲရုံစီမံကိန်းနှင့် ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။

   တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ယခုစီမံကိန်းသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသောစီမံကိန်းဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အား၊ လုပ်ငန်းဆောင်ရွက်ချိန်များကို ပိုမို တိုးချဲ့စုဖွဲ့၍ ဟန်ချက်ညီ ပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဆောင်ရွက်ရန်ကျန် လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန်ဇယားများ ရေးဆွဲထားပြီး ၎င်းအချိန်ဇယားများအတိုင်း သတ်မှတ်ချိန် ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ်၍ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက် သွားရန်နှင့် စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးကြပ်မတ် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ မြစ်ကျော်တိုင်တာဝါ ကြိုးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ ရေယာဉ်များ အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်သွားရန် တို့ကို မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများ နှင့် Shunt Reactor တပ်ဆင်နေမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင် နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ  ဓာတ်အားခွဲရုံစီမံကိန်းများတွင် တစ်ခု အပါအဝင်ဖြစ်ကာ ၎င်းစီမံကိန်း ပြီးစီးသွားပါက ၅၀၀ ကေ‌ဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာ နိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံ တောင်ပိုင်းသို့ ဗို့အား တည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်ပါသည်။ ယခုအခါ ၅၀၀ ကေဗွီဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ၂၃၀ ကေဗွီ ဗို့အားနှင့် ပို့လွှတ်နိုင်ရန်အတွက် စီမံဆောင်ရွက် လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဓာတ်အားစတင်ပို့လွှတ်နိုင်မည်ဖြစ်ပြီး ၅၀၀ ကေဗွီစနစ်ဖြင့် ပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း အပါအဝင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားကွပ်ကဲရေးဌာန(ရန်ကုန်)သို့ ရောက်ရှိပြီး ဓာတ်အားချိတ်ဆက် ကွပ်ကဲပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား မှာကြားရာတွင် တစ်နိုင်ငံလုံးသို့ ဖြန့်ကြပ်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည့် အတွက် သတ်မှတ်ထားသည့်အချိန်များတွင် သတ်မှတ်အချိန်အလိုက် စနစ်တကျခွဲဝေ ဖြန့်ဖြူးပေးသွားရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် ပြည်သူများနှင့် စက်မှုဇုန်များသို့လည်း သတ်မှတ်အချိန်ဇယားအတိုင်း ဖြန့်ဖြူးပေးလျက်ရှိသည့်အတွက် ၎င်းအချိန်ဇယားများအတိုင်း  စနစ်တကျ ခွဲဝေပေးပို့သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း Frequency Load Shed နှင့် Plan Load Shed များပြုလုပ်၍ မီးဖြတ်တောက်ရသည့်အခါ ပြည်သူများသို့ မီး (၂)ကြိမ် ဖြတ်တောက်ရခြင်းမျိုး မဖြစ်အောင် စနစ်တကျ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက် သွားရန်  မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
11-Jun-2024