The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

 

 

၂၀၂၄ ခုနှစ်၊  ဇွန်လ ( ၁၂ )ရက်

                                                             

 

          ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အား ထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်လျက် ရှိသော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ တဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊  ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ စီမံဆောင်ရွက်မှု များအပေါ် အားလုံးမှတက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် ဓာတ်အားခကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့် မရှိစေရေး စနစ်တကျကောက်ခံသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ဓာတ်အားပေးစက်ရုံများ အသစ်တည်ဆောက်မှု မပြုလုပ်မီကာလတွင် တည်ဆောက်ပြီး စက်ရုံများကို စနစ်တကျ ထိန်းသိမ်းမောင်းနှင်၍ ဓာတ်အားထုတ်လုပ် ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား များကို ပြည်သူလူထုထံသို့ ဖြန့်ဝေပေးပို့ရာတွင်လည်း ထုတ်လုပ်မှုအပေါ် အခြေခံ၍ စနစ်တကျ ထိန်းညှိဖြန့်ဖြူး ပေးလျက်ရှိသဖြင့်  ထိုသို့ ဖြန့်ဖြူးပေးပို့မှုများတွင်လည်း ပြည်သူ လူထုနှင့် စက်မှုဇုန်များသို့ မျှတစွာဖြင့် သတ်မှတ်အချိန်အလိုက် စနစ်တကျ ခွဲဝေဖြန့်ဖြူး ပေးသွားရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း အောင်မြင်အောင် အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျောက် စေတနာထား၍ လုပ်ဆောင်ပေးကြရန် နှင့် ပြည်သူလူထု၏ ဖြစ်ပေါ်နေသော အခက်အခဲများကို ပွင့်လင်းမြင်သာစွာရှင်းပြပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ရှိ ဝန်ထမ်းများသည် ပြည်သူနှင့် အနီးကပ်ဆုံး ထိတွေ့ဆောင်ရွက်ရသည့် အဖွဲ့အစည်းများဖြစ်၍ ဝန်ကြီးဌာန၏ပုံရိပ် ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် တက်ညီ လက်ညီ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မြို့နယ်တာဝန်ခံများမှ မိမိတို့ဝန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် လစဉ် ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်သွားရန် လိုအပ်ပါကြောင်းနှင့် ဖြေရှင်းနိုင်ခြင်း မရှိပါကလည်း အဆင့်ဆင့်တင်ပြဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရာသီဥတုဖြစ်စဉ် ပြောင်းလဲမှုများကို ထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံတော် အဆင့် သစ်ပင်များ စိုက်ပျိုးနေသကဲ့သို့ ဝန်ကြီးဌာနမှလည်း တအုပ်တမအစီစအဉ်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်၍ မိမိတို့ဌာန နေရာအလိုက် လာမည့်ဇူလိုင်လတွင် စိုက်ပျိုးနိုင်ရေး အသင့်စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခရိုင် ကြီးကြပ်ရေး တာဝန်ရှိသူ များမှ မိမိတို့တာဝန်ယူ ကြီးကြပ်ရသည့် သက်ဆိုင်ရာခရိုင်အလိုက် ဆောင်ရွက်ထားမှု အခြေအနေများနှင့်  ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ ခရိုင်/မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေ၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်အားခများကောက်ခံရရှိမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများအား အသီးသီးရှင်းလင်းတင်ပြကြပါသည်။

          ၄င်းနောက် ခရိုင်(၁၄)ခရိုင် ကြီးကြပ်ရေးတာဝန်ရှိသူများ၏ တင်ပြမှုများနှင့် စပ်လျဉ်း၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
12-Jun-2024