၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စီမံကိန်း ဆိုင်ရာအချက်အလက်များ၊ ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေများအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း၍ အားသွန်ခွန်စိုက် တွန်းအားပေးဆောင်ရွက်သွားရန်နှင့် စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံ အဝင်/အထွက်လမ်း ဖောက်လုပ်ခြင်းနှင့် ဓာတ်အားခွဲရုံပတ်လည် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းနယ်နိမိတ်ဧရိယာနှင့် ကင်းလွတ်မှုရှိအောင် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ယခုအခါ ၅၀၀ ကေဗွီစနစ်ဖြင့် ဓာတ်အားပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများအား တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း ၂၃၀ ကေဗွီ ဗို့အားဖြင့် ဦးစွာပို့လွှတ်နိုင်ရန်အတွက် စီမံဆောင်ရွက် သွားရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ စီမံကိန်း လုပ်ငန်းများ၏ လက်တွေ့လုပ်ငန်းခွင်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ဝန်ကြီးဌာနမှ မျိုးဆက်သစ်အင်ဂျင်နီယာဝန်ထမ်းများအား တွေ့ဆုံပြီး ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ် ချက်ဖြင့် မျှော်မှန်းဆောင်ရွက်လျက်ရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် နောင်တိုးချဲ့ ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများတွင် မိမိတို့ကိုယ်တိုင် ဦးဆောင်စီမံမှုဖြင့် ဝန်ကြီးဌာန ကိုယ်စား လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ယခုအချိန်ကတည်းက ကျွမ်းကျင်မှုရှိစေရေး လက်တွေ့လုပ်ငန်းခွင်တွင် နည်းပညာဆိုင်ရာ အတွေ့အကြုံများ ရယူ၍ လေ့လာဆည်းပူးထားရန် လိုအပ်ကြောင်း၊ လုပ်ငန်းအတွေ့အကြုံသည် လုပ်ငန်းရှိမှသာ လေ့လာဆည်းပူး၍ ရသည့် အတွက် လက်တွေ့လုပ်ငန်းဆောင်ရွက်မှုများတွင် စိတ်ပါဝင်စားစွာဖြင့် ကျွမ်းကျင် တတ်မြောက်အောင် လေ့လာသင်ယူသွားရန်နှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများအား မျိုးဆက်သစ်အင်ဂျင်နီယာဝန်ထမ်းများမှ လက်ဆင့်ကမ်းထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ထို့အတူ ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်း၊ စီမံကိန်းလုပ်ငန်းခွင် စသည်ဖြင့် မည်သည့် နေရာတွင် နေထိုင်လုပ်ကိုင်ဆောင်ရွက်ရသည်ဖြစ်စေ အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဝန်ထမ်းများ လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင် လုပ်ကိုင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဌာနတာဝန်ရှိသူများမှလည်း မျိုးဆက်သစ်အင်ဂျင်နီယာ ဝန်ထမ်းများအား လုပ်ငန်းဆောင်ရွက်မှုများတွင် သိရှိနားလည်လာစေရန်နှင့် ကျွမ်းကျင်မှုရှိ လာစေရန် အလှည့်ကျတာဝန်ခွဲဝေပေးအပ်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင် နေမှုနှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား မှာကြားခဲ့ပါသည်။
ယခု ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံစီမံကိန်းသည် ယခုအချိန်၌ စီမံကိန်းလုပ်ငန်းများ၏ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။