The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၄) ရက်

 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းနှင့် ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချူပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများနှင့် ဆွေးနွေးတင်ပြမည့်သူများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကဏ္ဍများအနက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းကဏ္ဍနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို သီအိုရီ၊ လုပ်ငန်း အတွေ့အကြုံများ၊ လက်ရှိဆောင်ရွက်နေမှုများအပေါ် အခြေခံပြီး ဖတ်ကြားကြမှာဖြစ်သည့် အတွက် လက်ရှိလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍတွင် တာဝန်ယူဆောင်ရွက်နေသူများ အတွက် များစွာအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့၀န်ကြီးဌာနသည် နိုင်ငံအတွင်း နှစ်စဉ်တိုးတက်လာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမြဲမပြတ်တွက်ချက်သုံးသပ်ပြီး ရေတို/ရေရှည်စီမံချက်များနှင့်အတူ ဖြစ်နိုင်သော နည်းလမ်း ပေါင်းများစွာနှင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြသူများမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံလိုအပ်ချက်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု နယ်ပယ်အတွင်း တည်ငြိမ်ပြီး အရည်အသွေးပြည့်ဝတဲ့ လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနဲ့ ခေတ်မီ ဓာတ်အားခ ကောက်ခံမှုစနစ်များ စသည်တို့နှင့်ပတ်သက်သည့် စုစုပေါင်းတင်ပြချက်များကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသော ဌာနအကြီး အမှူးများ၊ Moderator များအဖြစ် ဆောင်ရွက်ပေးကြမည့် အဆင့်မြင့်အရာရှိကြီးများနှင့် တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးတင်ပြသူအသီးသီး၏ တင်ပြချက်များအပေါ် သုံးသပ် အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းတို့ဖြင့် ပံ့ပိုးဆောင်ရွက်ပေး ကြခြင်းသည် အနှစ်သာရပြည့်ဝပြီး ရည်ရွယ်ချက်အထမြောက်၍ ရလဒ်ကောင်းများ ထွက်ပေါ် လာစေမှာဖြစ်တဲ့အတွက် ဆွေးနွေးမှုများအပေါ် အကျိုးရှိစွာ ဆောင်ရွက်သွားကြရန် ပြောကြား ခဲ့ပါသည်။  

   ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ရေးနှင့်ပတ်သက်သည့် ဆွေးနွေး တင်ပြချက် (၁၄)စောင်အား ဖတ်ကြားတင်ပြခြင်း၊ ဖတ်ကြားတင်ပြမှုအပေါ် ဆွေးနွေးမေးမြန်း ခြင်းနှင့် အကဲဖြတ်သုံးသပ်တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးတင်ပြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
14-Jun-2024