နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ၏ ဓာတ်အား ဖြန့်ဖြူးမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တာဝန်ရှိသူများက ဒက္ခိဏသီရိမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ဓာတ်အားသုံးစွဲမှုနှင့်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာဘေလ် ငွေကောက်ခံနေမှု၊ မီးသုံးစွဲသူ ပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှု အခြေအနေ များအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြား ရာ၌ ပြည်သူလူထုထံသို့ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝတည်ငြိမ်ပြီး အရည်အသွေး ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်း များအား စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှု ပေးရန်နှင့် နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများအား စနစ်တကျထိန်းသိမ်းထားရှိရန်နှင့် ဆက်လက်သုံးစွဲရန် မသင့်တော့သည့် ပစ္စည်းများကိုလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းမှပယ်ဖျက်၍ ဝင်ငွေပြန်လည် ရရှိရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်းအိမ်ရာများ၊ ဓာတ်အားခွဲရုံများနှင့် ရုံးပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန်နှင့် သီးပင်စားပင်၊ နှစ်ရှည် ပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးသွားရန် မှာကြားခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများသို့ သွားရောက်ပြီး မြို့တွင်းနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။