The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ဇူလိုင်လ ၂၈ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇  ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး၌  ဝန်ထမ်းများနှင့် တွေ့ဆုံ၍ Call Center တွင် ဓာတ်အားဖြန့်ဖြူးမှုကြီးကြပ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုလ ၂၈ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၅၀၀ကေဗွီ လှိုင်သာယာပင်မ ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း ဆောင်ရွက်တိုးတက်မှုအခြေအနေနှင့် ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး (၁/၀)မိုင်ရှိ EV Charging Station အား ဓာတ်အားပေးနိုင်ရန်အတွက် ၆၆ကေဗွီ GIS ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်တိုးတက်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

   ယခုလ ၂၇ ရက်နေ့ ညနေပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးတို့သည် ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု၊ ကျန်ရှိသည့်ဓာတ်အားခကြွေးကျန်များကောက်ခံနေမှု၊ ဓာတ်အားပျောက်ဆုံးမှု ကျ ဆင်းရေးလုပ်ဆောင်နေမှုနှင့် ဘတ်ဂျက်ပါလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်း တင်ပြပြီး ဒုတိယအင်ဂျင်နီယာချုပ် ဦးကျော်လှိုင်ဝင်းက ဖြည့်စွက်ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ်  ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးတို့က ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိနေပါသဖြင့် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းစေရန်အတွက် လိုအပ်ပါက အချိန်နှင့်တပြေးညီ ယာယီဓာတ်အားဖြတ်တောက်ထားရှိရန်နှင့် ပြည်သူများနားလည်သဘောပေါက် လက်ခံအောင် သေချာစွာရှင်းလင်းပြောကြားပေးစေလိုပါကြောင်း၊ မြစ်ရေများပြန်ကျပြီး ပုံမှန်အခြေ အနေသို့ ပြန်လည်ရောက်ရှိပါက ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းနှင့်ဆက်စပ်ပစ္စည်းများ၊ မီတာများ နှင့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းထားရှိမှုများကို စနစ်တကျသေချာစွာစိစစ်ပြီးမှသာ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးရန်၊ ဘတ်ဂျက်ပါလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး အသိ၊ သတိ ဖြင့် ဆောင်ရွက်ကြရန်၊ ပြည်သူများ၏ဓာတ်အားသုံးစွဲမှုမှန်ကန်မှုရှိစေရန် မီတာယူနစ်များ လိုဖတ်/ ပိုဖတ်ခြင်း မရှိစေရေး သတ်မှတ်ကာလအတွင်း မီတာများမှန်ကန်စွာဖတ်ရှု၍ စာရင်းရေးသွင်းရန်၊ ဓာတ်အားခငွေများ အပြည့်အဝ ကောက်ခံရရှိရေးနှင့် အလွဲသုံးစားမှု မဖြစ်ပေါ်စေရေး အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ကြရန် နှင့် ရပ်/ပျက်/နှေးမီတာများကို ပုံမှန်ကွင်းဆင်း စစ်ဆေး၍ အမြန်ဆုံး အစားထိုးလဲလှယ်တပ်ဆင်ပေးရန်၊ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း များ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအားလုံးစည်းလုံးညီညွှတ်စွာနေထိုင်ကြရန်နှင့် အခြားလိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး Call Center တွင် ဓာတ်အားဖြန့်ဖြူးမှု ကြီးကြပ် ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုလ ၂၈ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၅၀၀ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ စီမံကိန်းမန်နေဂျာ ဦးကျော်ဝေလင်းက ၅၀၀ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်တိုးတက်မှုအခြေအနေအား ရှင်းလင်း တင်ပြပြီး တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နည်းပညာပိုင်းအားနည်းမှုမရှိရေး အထူးဂရုပြု ဆောင် ရွက်စေလိုပါကြောင်း၊ ၎င်းခွဲရုံနှင့်စပ်လျဉ်းသည့် ထိန်းသိမ်းမောင်းနှင်ရေးအတွက် နည်းပညာများအား လေ့လာဆည်းပူးနိုင်ရန် ဌာနမှအင်ဂျင်နီယာဝန်ထမ်းများကိုလည်း ပြည်ပသို့စေလွှတ်လျက်ရှိပါကြောင်း၊ စီမံကိန်းပစ္စည်းများ လုပ်ငန်းခွင်သို့ အချိန်မီရောက်ရှိစေရေးနှင့် လုပ်ငန်းများအား စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်စေလိုပါကြောင်း၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံရေးဂရုပြုဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များ မှာကြားပြီး ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် စီမံကိန်းလုပ်ငန်းခွင်၌ Control Building တည်ဆောက်နေမှု၊ ၅၀၀ကေဗွီ HGIS Switch Bay (၆) Bay တပ်ဆင်နေမှု၊ ထရန်စဖော်မာ Firewall တည်ဆောက်ပြီးစီးမှု၊ HGIS စနစ်အသုံးပြု၍ ထရန်စဖော်မာများ၊ ဓာတ်အားလွှတ် ပစ္စည်းများ တည်ဆောက်တပ်ဆင်ပြီးစီးမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး (၁/၀)မိုင်ရှိ EV Charging Station အား ဓာတ်အားပေးနိုင်ရန်အတွက်  အသစ်တည်ဆောက်လျက်ရှိသော ၆၆ကေဗွီ GIS ဓာတ်အားခွဲရုံ၏ မြို့ပြလုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

Post under by : ဝန်ကြီးရုံး
29-Jul-2024