နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၃) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ၏ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ဓာတ်အားသုံးစွဲမှုနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာ ဘေလ် ငွေကောက်ခံနေမှု၊ မီးသုံးစွဲသူ ပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် ပေးနေမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှုအခြေအနေ များအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ လက်ရှိ ဓာတ်အားထုတ်လုပ်ရရှိမှုအပေါ် အခြေခံ၍ ပြည်သူလူထုထံသို့ ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိသည့်အတွက် လေလွင့်ဆုံးရှုံးမှုမရှိစေရေး အကျိုးရှိရှိ ဖြန့်ဖြူးပေးသွားရန်နှင့် ဓာတ်အားခများ အပြည့်အဝ ကောက်ခံရရှိရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့မြို့နယ်များ အတွင်း တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေးနှင့် ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေး တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများအား စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အား လိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ လုပ်ငန်းသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့် အတွက် ပြည်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံ၍ အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအား ပေးအပ်ထားသောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားရန်လိုအပ်ပြီး ဝန်ထမ်းများ၏ ဆောင်ရွက်မှုများအပေါ် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများမှ အဆင့်ဆင့် စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် ဆက်လက်သုံးစွဲရန် မသင့်တော့သည့် ပစ္စည်းများကိုလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းမှပယ်ဖျက်၍ ဝင်ငွေပြန်လည် ရရှိရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်းအိမ်ရာများ၊ ဓာတ်အားခွဲရုံများနှင့် ရုံးပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန်နှင့် မြေနေရာလွတ်များတွင် သီးပင်စားပင်၊ နှစ်ရှည်ပင်နှင့် အရိပ်ရလေကာ ပင်များ စိုက်ပျိုးသွားရန် မှာကြားခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအတွင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် အတွင်းရှိ ၃၃/ ၁၁ ကေဗွီ ဓာတ်အားခွဲရုံများသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံ များဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ဓာတ်အား ခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး အတွက် ဓာတ်အားခွဲရုံများတွင် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း လိုက်နာ ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းခွင်သုံးဝတ်စုံများ ဝတ်ဆင်ဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံများ မြေနေရာ ဌာနပိုင် အမည်ပေါက် ရရှိရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံများမှ မြို့တွင်းနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဆရာ ဒကာကျောင်းဖြစ်သော ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ရှိ ပံ့သုကူကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား ဖူးမျှော်ကြည်ညို၍ လှူဖွယ် ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။