The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ၃၃/ ၁၁ ကေဗွီ စက်မှုဇုန် ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲမှ မီတာများ စမ်းသပ်စစ်ဆေးဆောင်ရွက်ခြင်း လုပ်ငန်းတိုးတက်မှု အခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

    ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်ရှိ ၃၃/ ၁၁ ကေဗွီ စက်မှုဇုန် ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဗို့အားပြည့်ဝ တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေးအတွက် ဓာတ်အား ခွဲရုံတွင် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်၊ ဓာတ်အား ခွဲရုံ မြေနေရာဌာနပိုင်အမည်ပေါက်ရရှိရေး ဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံ အတွင်း/ အပြင် သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန်နှင့် မြေနေရာလွတ်များတွင် သီးပင်စားပင်၊ နှစ်ရှည်ပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးသွားရန် မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံမှ မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူး ပေးနေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပါ် ပြည်ထောင်စု ဝန်ကြီးက မှာကြားရာတွင် ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် သတ်မှတ်ထားသည့် တစ်ရက်လျှင် မီတာအလုံးရေ (၄၀၀) နှုန်းဖြင့် တစ်လလျှင် မီတာအလုံးရေ (၁၂၀၀၀)၊ တစ်နှစ်လျှင် မီတာအလုံးရေ (၁၅၀၀၀၀) ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရာတွင်လည်း မီတာများ၏ သတ်မှတ်အရည်အသွေးနှင့် လုံခြုံမှုရှိစေရန် စနစ်တကျ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စမ်းသပ်စစ်ဆေးရမည့်မီတာများ သတ်မှတ်ချိန်များအတွင်း အချိန်မီရောက်ရှိစေရေးနှင့် စဉ်ဆက်မပြတ်ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သွားရန်၊ စမ်းသပ်စစ်ဆေးပြီးမီတာများကိုလည်း မြို့နယ်များသို့ အချိန်မီပို့ဆောင်သွားရန်နှင့် ပြည်သူလူထု အမြန်ဆုံးတပ်ဆင်အသုံးပြုနိုင်ရေး စီမံချက်ရေးဆွဲ၍ အင်တိုက်အားတိုက် တွန်းအားပေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး မီတာများအား စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်နှင့် ပစ္စည်းသိုလှောင်ရေးစတိုအတွင်း ထိန်းသိမ်းထားရှိသည့် ရုံးလုပ်ငန်းသုံး ပရိဘောဂပစ္စည်းများ၊ ဓာတ်အားလိုင်း/ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ ဖြန့်ခွဲနေရာချထားမှု အခြေ အနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဆရာဒကာ ကျောင်းများဖြစ်သော ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဟာရကျောင်းကြီးကျောင်းတိုက်၊ မဇျ္စိမဝိဟာရ ကျောင်းတိုက်နှင့် မဟာစည်သတိပဌာန်ကျောင်းတိုက်များသို့ သွားရောက်ပြီး ကျောင်းတိုက် အသီးသီးရှိ ပဓာနနာယကဆရာတော်တို့အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်များ အတွင်း/အပြင် သန့်ရှင်းရေး ကောင်းမွန်စေရေး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ စုပေါင်း၍ လုပ်အားဒါန ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
24-Aug-2024