The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည့်သတင်း

 ၂၀၂၄ ခုနှစ်၊  ဩဂုတ်လ ( ၃၀ )ရက်

   ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့၊ မွန်းလွှဲ ပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ခဲ့ ကြပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊  လက်ရှိဖြစ်ပေါ်နေသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအခြေအနေအရ ဝန်အားထိန်းညှိရသဖြင့် အချိန်ပိုင်းဓာတ်အားပိတ်၍ ဓာတ်အားဖြန့်ဖြူးပေးနေရသောကြောင့် ဖြန့်ဝေသည့်အချိန်တွင် သက်မှတ်ထားသည့်အချိန်တိုင်း တိကျစွာရရှိရေး စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန် စေရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံးမှ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ဓာတ်အားခ ကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး စနစ်တကျကောက်ခံသွားရန်နှင့် ဓာတ်အားခကြွေးကျန်များကိုလည်း ရာနှုန်းပြည့်ကောက်ခံ ရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူခဲ့သည့် မီတာများကိုလည်း စမ်းသပ်စစ်ဆေးပြီး မြို့နယ်များသို့ အချိန်မီပို့ဆောင်၍ ပြည်သူလူထု အမြန်ဆုံးတပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်နှင့် မိမိတို့မြို့နယ်များ အတွင်း တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများမရှိစေရေး၊ ဓာတ်အားခကြွေးကျန် အလွှဲသုံးစားမှုများ မဖြစ်စေရေး၊ မီတာဖတ်ရှုမှုအား မှန်ကန်စွာဖတ်ရှုသွားနိုင်ရေး၊ တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအားပေးအပ်ထားသော တာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုအပ်ပြီး အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ရုံးတက်/ရုံးဆင်းချိန်များအား သတ်မှတ်ချိန်များအတိုင်း တက်ရောက်နိုင်ရေး လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဌာနတာဝန်ခံများမှလည်း မိမိတို့ဝန်ထမ်းများ၏ လုပ်ငန်းအခက်အခဲများ၊ လိုအပ်ချက်များ လွတ်လပ်စွာတင်ပြနိုင်ရေးနှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဆန္ဒဖော်ထုတ်ပွဲများကို လစဉ်ပြုလုပ်ပေးသွားရန်နှင့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်၍ ရွေးကောက်ပွဲ ဉပဒေနှင့်ပတ်သက်၍ ဝန်ထမ်းများသိရှိနိုင်ရေး ရှင်းလင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်းအိမ်ရာများ၊ ဓာတ်အားခွဲရုံများနှင့် ရုံးပတ်ဝန်းကျင်အား သန့်ရှင်းသာယာ လှပရေးဆောင်ရွက်သွားရန်နှင့် မြေနေရာလွတ်များတွင် ကုန်ကျစရိတ်သက်သာစေသော တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကျရောက် လာပါက ဆောင်ရွက်ရမည့်အစီအမံများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်၊ လုံခြုံရေးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသောဌာနဖြစ်သည့်အတွက် ပြည်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံပြီး စေတနာထား၍ အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် တာဝန်ရှိသူများက အသီးသီးပြန်လည် ရှင်းလင်းတင်ပြခဲ့ကြပြီး တင်ပြခဲ့ မှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Aug-2024