နေပြည်တော်၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၆)ရက်
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော လျှပ်စစ်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအရ (၅)ကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ် ကဏ္ဍဆိုင်ရာ ဦးဆောင်ကော်မတီ (Joint Steering Committee- JSC) အစည်းအဝေးကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ အိန္ဒိယနိုင်ငံ၊ လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Shri Pankaj Agarwal နှင့် တာဝန်ရှိသူများ၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ပူးတွဲဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။
ဦးဆောင်ကော်မတီအစည်းအဝေး၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်တွင် ကျင်းပခဲ့သော (၆) ကြိမ်မြောက် လျှပ်စစ်ကဏ္ဍဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group - JWG) အစည်းအဝေး၌ လျှပ်စစ်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။