The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရွှေကျင်ရေလှောင်တမံအတွင်းကျရောက်ခဲ့သည့် ကျေးရွာမြေများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

          ရွှေကျင်ရေလှောင်တမံအတွင်း ကျရောက်ခဲ့သည့် ကျေးရွာမြေများအတွက် ထောက်ပံ့ ငွေပေးအပ်ပွဲအခမ်းအနားကို (၂၇-၃-၂၀၁၈) ရက်နေ့ (၀၈:၀၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အ​ကောင်အထည်ဖော်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျေးရွာများမှဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

        အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး၊ လျှပ်စစ်နှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် ဆယ်စုနှစ်ကာလများအတွင်း ရွှေကျင်မြို့နယ်၏ အဓိကဖွံ့ဖြိုးတိုးတက်မှုများအဖြစ် ရွှေကျင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မဒေါက်တံတား၊ စစ်တောင်းတံတားနှင့် ကုတင်(၁၀၀) ဆံ့ ပြည်သူ့ဆေးရုံများ တည်ဆောက်ပြီးစီး ခဲ့ပါကြောင်း၊ ၎င်းတို့အနက်တစ်ခုအပါအဝင်ဖြစ်သည့်  ရွှေကျင်ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအား ၂၀၀၀-၂၀၀၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၂၂-၁၀-၂၀၁၁) ရက်နေ့တွင် တည် ဆောက်ပြီးစီးခဲ့ပါကြောင်း၊ စီမံကိန်းတည်ဆောက်စဉ်ကာလများအတွင်း ရေလှောင်တမံဧရိယာနှင့် မလွတ်ကင်းသည့် အောက်မဲဇောင်းနှင့် ကျောက်နဂါးကျေးရွာများကို ပင်မတမံအောက်ဘက်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင် ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဓာတ်အားပေးစက်ရုံပြီးစီးပြီးနောက် ရွှေကျင်နှင့်မဒေါက်ဒေသ များသို့ စက်ရုံမှဓာတ်အား တိုက်ရိုက်ပို့လွှတ်ပေးခဲ့ပါကြောင်း၊ ထိုသို့ရွှေကျင် ဒေသတွင် လျှပ်စစ်ဓာတ်အား ရရှိခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ တဖက်ကလည်း စီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့သည့် ဒေသခံပြည်သူများအား နစ်နာကြေး ထောက်ပံ့ငွေများ ပေးအပ်နိုင်ရန် (၂၀၁၅)ခုနှစ်မှ စတင်၍ စိစစ်ခြင်း၊ အထောက်အထားစစ်ဆေး ခြင်းများ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့တွင် စိစစ်စစ်ဆေးမှုများ ပြီးစီးခဲ့သည့်အတွက် စီမံကိန်းကြောင့် ထိခိုက်ခံစားမှုများ ဖြစ်ပေါ်ခဲ့ရသည့် ကျေးရွာ(၂)ရွာဖြစ်သည့် အောက်မဲဇောင်းနှင့် ကျောက်နဂါးကျေးရွာများမှ ဒေသခံပြည်သူများအတွက် နစ်နာကြေးငွေများကို ထောက်ပံ့ပေး အပ်သွားမည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် စီမံကိန်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူး များကို ဒေသခံပြည်သူအားလုံး ရရှိခံစားခဲ့ကြရတာဖြစ်သလို ထိခိုက်ခံစားခဲ့ကြရတဲ့ ဒေသခံများ အနေနဲ့လည်း ရရှိလာတဲ့ထောက်ပံ့ငွေတွေကို အကျိုးရှိရှိ အသုံးပြုသွားကြဖို့နဲ့ မိမိဒေသရဲ့ ဖွံ့ဖြိုး တိုးတက်မှုများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေးမှ ထောက်ပံ့ငွေပေး အပ်ပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ဒေသခံပြည်သူများကိုယ်စား တောင်သူ ဦးချိုဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ပါသည်။

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာနက ရွှေကျင်တမံရေဝပ်ဧရိယာအတွင်း ကျရောက်ခဲ့သည့် အောက်မဲဇောင်းနှင့် ကျောက်နဂါးကျေးရွာ များမှ ဒေသခံပြည်သူများအတွက် နစ်နာကြေးငွေပေးအပ်နိုင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေတွင် တင်ပြတောင်းခံခဲ့ပြီး စုစုပေါင်း အိမ်ထောင်စု ( ၁၁၅ ) စုနှင့် ဘုန်းတော် ကြီးကျောင်း ( ၃ ) ကျောင်း၊ လယ်/ယာနှင့်ဥယျာဉ်ခြံမြေစုစုပေါင်း (၂၆၈၁.၇၅)ဧကတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁,၂၁၁.၀၃၅) သန်းအား ထိခိုက်နစ်နာခဲ့ရသည့် ဒေသခံပြည်သူ (၄၃၉)ဦးသို့ တစ်ဦးချင်းစီ ပေးအပ်ခဲ့ပါသည်။

Post under by : ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန(DHPI)
28-Mar-2018