နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ဖြတ်သန်းသွယ်တန်းတည်ဆောက်ထားသည့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် (၃၀၁၊ ၃၀၂၊ ၃၀၃၊ ၃၀၄၊ ၃၀၅)နှင့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် (၁၂၊ ၁၃၊ ၁၄၊ ၁၅) တာဝါတိုင်များသည် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်အတွင်း ဓာတ်အားလိုင်းများ၊ တာဝါတိုင်များ ပြိုလဲပျက်စီးနေသည့်နေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက မိုးသည်း ထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်းနှင့် တာဝါတိုင်များ ပြိုလဲပျက်စီး ဖြစ်ပေါ်ခဲ့မှု၊ ဓာတ်အားပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည့်အစီအမံများ နှင့် သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပို့လွှတ်ရေး ဓာတ်အားလိုင်းကြိုးများ ပြိုလဲပျက်စီးနေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အမြန်ဆုံး သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပို့လွှတ်ရေး ဓာတ်အားလိုင်း၊ တာဝါတိုင်များ၊ မြို့တွင်း ဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများတစ်လျှောက် အသေးစိတ်စစ်ဆေးပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား အမြန်ဆုံးပြီးစီးနိုင်ရေး အင်တိုက် အားတိုက် တွန်းအားပေး ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအား ဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ဓာတ်အားပို့လွှတ်ရေး ဓာတ်အား လိုင်းများ၊ တာဝါတိုင်များနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ ပြန်လည် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးနှင့် ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ရေးတို့နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန်ဇယားများ ရေးဆွဲထားပြီး အဆိုပါ အချိန်ဇယားများအတိုင်း သတ်မှတ်ချိန်ပြီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ်၍ ဆောင်ရွက်သွားရန်နှင့် လူအင်အား၊ ယာဉ်ယန္တရားအင်အား၊ လုပ်ငန်းသုံး ပစ္စည်းများအား စုဖွဲ့၍ အဖွဲ့များခွဲကာ အမြန်ပြီးစီးနိုင်ရေး အင်းတိုက်အားတိုက် တွန်းအားပေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
အဆိုပါ ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂) ဓာတ်အားလိုင်းတို့သည် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ခန့်အား သယ်ယူ ပို့ဆောင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာ ဒေသများသို့ လျှပ်စစ်ဓာတ်အားများ ပို့လွတ်ဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်း တာဝါတိုင် (၉)တိုင်နှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ ပြိုလဲပျက်စီး သွားခဲ့၍ အဆိုပါ ဒေသအချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ အင်ဂျင်နီယာများ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၄၅၀ ဦးဖြင့် အဖွဲ့ (၇)ဖွဲ့ ခွဲကာ ဓာတ်အားပို့လွှတ်ရေး ဓာတ်အားလိုင်းများ၊ တာဝါတိုင်များနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။